
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက စာသင်ကျောင်းကို မေ ၁၄ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်မှာ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲသွားခဲ့တာကြောင့် စာသင်ဆောင် နဲ့ လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ ယောအလင်းတန်းအဖွဲ့ဆီကနေ သိရပါတယ်။
ယောအလင်းတန်းအဖွဲ့ရဲ့တာဝန်ရှိသူ ကိုဘကောင်း က “ဂန့်ဂေါမြောက်ဘက် ၆ မိုင်လောက်ပဲ ဝေးတဲ့ လာပို့ရွာစာသင်ကျောင်းထဲက စာသင်ဆောင် ဗုံးကြဲခံလိုက်ရတာပါ။ စာသင်ကျောင်းထဲက ခရေ စာသင်ဆောင်ကြီး ခါးလယ်ကနေ ကျိုးသွားပါတယ်။ ကျောင်းနားက အိမ် ၁ လုံးလည်း ပျက်စီးသွားပါသေးတယ်” လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်အပြီးမှာ လက်နက်ကြီးတွေနဲ့ပါ ထပ်မံပစ်ခတ်ခဲ့သေးတယ်လို့ ဂန့်ဂေါခရိုင် ပကဖ တာဝန်ခံတယောက်က DVB ကို ပြောပါတယ်။
“အဲဒီ လာပို့ရွာကို လေယာဥ်နဲ့ဗုံးကြဲပြီးတော့ နာရီပိုင်းလောက်မှာပဲ ဂန့်ဂေါဘက်ကနေ လက်နက်ကြီး ၄ လုံး နဲ့ ထပ်ပစ်တယ်။ ၃ လုံးကွဲပြီး ၁ လုံးက မကွဲဘဲကျန်တယ်။ အခုတိုက်ခိုက်ခံရမှုတွေထဲမှာတော့ ပြည်သူထိခိုက်တာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီရွာကို ဂန့်ဂေါကနေ မကြာခဏ လက်နက်ကြီးတွေနဲ့ အပစ်ခံနေရလို့ ပြည်သူတွေ ထွက်ပြေးနေကြရတာ ၅ လ၊ ၆ လ လောက်တောင်ရှိနေပြီ။ အခုတိုက်ခိုက်ခံရတဲ့ အနေအထားကလည်း တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ တိုက်ခိုက်သွားတာပါ။”
ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာက ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားပြီး အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် အမျိုးသမီးတွေနဲ့ အမျိုးသား စုစုပေါင်း ၁၃ ယောက်ကို မ ၁၅ ရက်နေ့အထိ ပြန်လွှတ်မပေးသေးဘူးလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ မေလကုန်အထိအ ပစ်အခတ်ရပ်စဲထားတယ်လို့ ကြေညာထားပေမဲ့ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ရဲ့ အနောက်တောင်ဘက် ၇ မိုင်နီးပါးကွာဝေးတဲ့ အိုးတိန်တွင်း (မြောက်) ကျေးရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလပညာရေးစာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသားကျောင်းသူတွေနဲ့ဆရာမ ၂၄ ယောက်အထိ သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်အထိ ရှိခဲ့ပါသေးတယ်။
Photos .... ယောအလင်းတန်း