DVB Logo
Home
မြန်မာသတင်း
၃ ကြိမ်မြောက် အပစ်ရပ်ကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်တွင် ထိခိုက်၊ သေဆုံးသူ ၄၀ ကျော်ရှိ
DVB
·
May 15, 2025
၃ ကြိမ်မြောက် အပစ်ရပ်ကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်တွင် ထိခိုက်၊ သေဆုံးသူ ၄၀ ကျော်ရှိ
Donate to DVB

စစ်ကောင်စီတပ်က တတိယအကြိမ် ယာယီအပစ်ရပ် ကြေညာပြီးနောက် ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာကြောင့် သေဆုံးသူ ၁၅ ယောက်အထိ ရှိလာနေပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၈ ယောက်အထိ ရှိလာနေပါတယ်။

စစ်ကောင်စီတပ်က ငလျင်ဘေး ကူညီကယ်ဆယ်ရေးတွေအတွက်လို့ အကြောင်းပြပြီး တတိယအကြိမ် ယာယီအပစ်ရပ်စဲတာကို မေ ၆ ရက် ကနေ ၃၁ ရက်အထိ ၃ ကြိမ်မြောက် အပစ်ရပ်ကြောင်း ကြေညာထားပေမဲ့ ရခိုင် အပါအဝင် မြန်မာနိုင်ငံအနှံ့ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ နေ့တိုင်း ပြုလုပ်လာနေတာပါ။

မေ ၁၄ ရက် ညနေ ၃ နာရီ ၅၁ မိနစ်လောက်မှာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မြို့မရပ်ကွက်ကို စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ လာရောက်ကြဲချခဲ့တာကြောင့် ဒေသခံ ပြည်သူ ၃ ယောက် သေဆုံးခဲ့ပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကျောက်တော်ဒေသခံတွေဆီက သိရပါတယ်။

ကျောက်တော်ဒေသခံတယောက်က “AA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ လေယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီး သတိပေးတဲ့အနေနဲ့ ဥသြဆွဲတာတို့ အဲလို alarm ပေးတဲ့ပုံစံမျိုး မရှိဘူးဗျ။ ဒါကြောင့်လည်း ပြည်သူလူထုအနေနဲ့ မသိနိုင်ဘူးလေ။ မသိနိုင်တဲ့အခါ လေကြောင်းအန္တရာယ်က ပိုပြီးတော့ ကြောက်စရာကောင်းတယ်။ လုံခြုံရေးက ပိုပြီးတော့ စိုးရိမ်ရတယ်။ စစ်ကောင်စီက လေကြောင်းကနေပြီး လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ခြောက်လှန့် သတ်ဖြတ်နေတယ်၊ အင်မတန်မှ စိုးရိမ်စရာကောင်းတယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ လုံခြုံမှုဆိုတာ ဘယ်မှာလဲမသိဘူး။ ဘယ်အချိန်လာပစ်မှာလဲ၊ အသက်အန္တရာယ်က ဘယ်လောက်ထိ ရှိနေလဲဆိုပြီး စိုးရိမ်စိတ်တွေနဲ့ နေနေရတယ်” လို့ ပြောပါတယ်။

မေ ၁၃ ရက် မနက် ၁၀ နာရီ ၅ မိနစ်မှာလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ပြည်သူ ၁၂‌ ယောက် သေဆုံးခဲ့ပြီး ၂၃ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ လုပ်ရပ်အပေါ်မှာ ပြင်းထန်စွာ ရှုတ်ချတယ်လို့ အာရက္ခတပ်တော်က မေ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ရဲ့ လူမဆန်တဲ့လုပ်ရပ် ကျူးလွန်နေမှုအပေါ် ကန့်ကွက်ရှုတ်ချပြီး နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ထိရောက်စွာ အ‌ရေးယူ ဆောင်ရွက်ပေးဖို့ တိုက်တွန်း တောင်းဆိုသင့်တယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ရဲ့ အထွေထွေအတွင်းရေးမှူးဟောင်း ကိုတိန်ဦးက ပြောပါတယ်။

“အခုလို စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လူမဆန်တဲ့လုပ်ရပ်တွေ၊ လေကြောင်းက ဗုံးကြဲချနေတာကို ကျနော်တို့က ကန့်ကွက်ရှုတ်ချပါတယ်။ စစ်တပ်က နေ့စဉ်နဲ့အမျှ သတ်ဖြတ်နေတာက ဂျီနီဗာကွန်ဗန်းရှင်းကို ချိုးဖောက်ရာရောက်တယ်။ စစ်တပ်က ဒါကို ရပ်တန့်ဖို့လိုပါတယ်။ မင်းအောင်လှိုင် စစ်တပ်ကတော့ တောင်းဆိုလို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ အဓိကက သူတို့ရဲ့ လေယာဉ်တွေ ပျံသန်းနိုင်ဖို့ လေယာဉ်ဆီတွေ စီးဆင်းမှုပေါ့။ အဲဒီလေယာဉ်ဆီ ရောင်းချမှုကိုပဲ နိုင်ငံတကာအရ ပိတ်ဆို့မှုတွေလုပ်ရမယ်။ နိုင်ငံတကာက ဖိအားတွေ အများကြီးလိုပါတယ်။ နောက်တခုက သူ့ရဲ့ ဝင်ငွေရတဲ့ လမ်းကြောင်းတွေကို ပိတ်ပင်ရမယ်။ ဒီလုပ်ရပ်တွေကို ရပ်တန့်ဖို့ဆို အဓိက နိုင်ငံတကာအသိုင်းအဝိုင်းတွေကို တိုက်တွန်းရမယ်၊ အများကြီး တောင်းဆိုတိုက်ပွဲဝင်ရမယ်။”

AA အနေနဲ့ ငလျင်ဘေးကြောင့် လူသားချင်း စာနာထောက်ထားရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဧပြီ ၁ ရက်ကနေ ၃၁ ရက်အထိ ခုခံကာကွယ်တာကလွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013