DVB Logo
Home
မြန်မာသတင်း
ရေကြည်နှင့်လေးမျက်နှာတိုက်ပွဲတွင် ပြည်သူ ၉‌ ဦးသေဆုံး၊ ဒဏ်ရာရစစ်သားများ ကိုယ့်စရိတ်ဖြင့် ဆေးကုနေရ
DVB
·
May 15, 2025
ရေကြည်နှင့်လေးမျက်နှာတိုက်ပွဲတွင် ပြည်သူ ၉‌ ဦးသေဆုံး၊ ဒဏ်ရာရစစ်သားများ ကိုယ့်စရိတ်ဖြင့် ဆေးကုနေရ
Donate to DVB

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နဲ့ လေးမျက်နှာမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၂ ယောက် အပါအဝင် ပြည်သူ ၉ ယောက် သေဆုံးခဲ့တယ်လို့ ဧရာဝတီ PDF က မေ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီလနဲ့ မေလ ပထမအပတ်အတွင်းမှာ စစ်ကောင်စီဟာ ရေကြည်မြို့နယ်အခြေစိုက် အမတ ၃၄၄ တပ်စခန်းနဲ့ ရေကြည်နဲ့ လေးမျက်နှာကို လက်လွှတ်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်က ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လေယာဉ်၊ ဒရုန်း၊ ပါရာမော်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၂ ယောက် အပါအဝင်  ပြည်သူ ၉ ယောက် သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်း ၂ ကျောင်း အပါအဝင်  ပြည်သူ့နေအိမ် ၁၀၀ နီးပါးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က စစ်ရေးအရ ရှုံးနိမ့်နေပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် အပြင်းထန်ဆုံး လက်တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လေးမျက်နှာတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ရာထူးအဆင့်နိမ့်တဲ့ တပ်သားတွေဟာ ကိုယ့်စရိတ်နဲ့ ကိုယ်ဆေးကုသနေရတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပုသိမ်မြို့ အနောက် တောင်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၄) စစ်ဆေးတပ်(မဆရ) - ၄ ကို ပြန်သယ်ယူလာပြီး ဆေးကုသနေရာ ရာထူးအဆင့်ကြီးတဲ့ ပြန်တမ်းဝင် အရာရှိတွေ၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေကို ရန်ကုန်မင်္ဂလာဒုံစစ်ဆေးရုံကြီးကို ပို့ဆောင်ကုသစေပြီး အခြားအဆင့်တွေနဲ့တပ်သားတွေကတော့ ပုသိမ်မှာသာ ကိုယ့်စရိတ်နဲ့ကိုယ်ကုသနေရတယ်လို့ ဆိုပါတယ်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူက “ဆေးဝါးအလုံအလောက်မရှိဘူးပေါ့၊ ဝယ်ရမယ်ဆိုပြီး တပ်သားတွေဆီက ဆေးဗိုလ်ကြီးတွေက ငွေတောင်းယူတာ၊ ဝယ် သုံးနေရတာ။ ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်တွေကိုတော့ ရန်ကုန်ကို ပို့ကုပေးတာ။ အောက်ခြေတပ်သားတွေကို ပုသိမ် ဆေးရုံနဲ့ မဆရ ၄ ထဲမှာပဲ ထားပြီးကုနေတယ်” လို့ ပြောပါတယ်။

လေးမျက်နှာမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်သား အယောက် ၁၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး အနည်းအငယ်ဒဏ်ရာရရှိသူတွေကို စခန်းချထားတဲ့ စစ်မြေပြင်မှာသာ ထားပြီး ဆေးကုသပေးနေတောလို့ ဆိုပါတယ်။

ပုသိမ် ဒေသခံတယောက်က “စစ်ကောင်စီက ဒဏ်ရာရထားတဲ့ တပ်သားတွေ ပြန်ခေါ် သွားလိုက်၊ တပ်သားအသစ် လာထပ်ချလိုက်လုပ်နေတာပဲ။ အခုလည်း တပ်သားသစ်တွေနဲ့ စစ်ကား ၄ စီး ရေကြည် ဘက်တက်သွားတာတွေ့ရတယ်။ ခြေတွေ လက်တွေ ပြတ်ထွက်နေတဲ့ စစ်သားတွေဆို မနည်းဘူး။ အဝတ်တွေနဲ့စီးပြီး ပြန်လာတာ” လို့ ပြောပါတယ်။

လေးမျက်နှာမြို့နယ်အတွင်း ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားတွေထဲမှာ စစ်မှုထမ်း ဥပဒေနဲ့ အဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆေးကုတာခံယူပြီးလို့ သက်သာလာတာနဲ့ တပ်ဖွဲ့ဝင်အချို့ကို လေးမျက်နှာနဲ့ ရေကြည်မြို့နယ်က တိုက်ပွဲတွေဆီကို ပြန်လည်ပို့ဆောင် တိုက်ပွဲဝင်ခိုင်းနေတယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့နယ်ထဲက အမြောက်တပ် အမတ- ၃၄၄ အနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013