
ဥရောပ သယ်ယူပို့ဆောင်ရေး အရောင်းဌာနတွေမှာ မီးလောင်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရုရှားရဲ့ အဖျက်အမှောင့်လုပ်ရပ်လို့ သံသယရှိခဲ့ပြီးနောက်မှာ ယူကရိန်းနိုင်ငံသား ၃ ယောက်ကို ပေါက်ကွဲပစ္စည်း ပါဆယ်ထုပ်တွေ တင်ပို့မှုမှာ သံသယဖြစ်စရာ ပါဝင်ပတ်သက်နေမှုနဲ့ ဖမ်းဆီးထားကြောင်း ဂျာမန်အစိုးရရှေ့နေတွေက မေ ၁၄ ရက်မှာ ပြောပါတယ်။
ဂျာမန်ကိုယ်ရေးကိုယ်တာ ဥပဒေတွေနဲ့အညီ ဗလာဒီစလာ့ဗ်တီနဲ့ ဒါနီးလ်ဘီ အမည်ရှိ အမျိုးသား ၂ ယောက်ကို သီတင်းပတ်ကုန်က ဂျာမနီမှာ ဖမ်းဆီးခဲ့ပြီး ယဲ့ဗ်ဟန်ဘီ အမည်ရှိသူကိုတော့ ဆွစ်ဇာလန်မှာ အင်္ဂါနေ့က ဖမ်းမိခဲ့ပါတယ်။
သံသယရှိသူတွေဟာ ရုရှားနိုင်ငံပိုင် အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ် ရှိခဲ့တယ်လို့ ယူဆရကြောင်း ဖက်ဒရယ်အစိုးရရှေ့နေတွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ရုရှားဟာ ဂျာမနီနိုင်ငံတော်အတွင်း မလုံခြုံမှုကို ဖန်တီးနေတာဖြစ်ပြီး ဒီလုပ်ရပ်တွေအတွက် ပရော်ဖက်ရှင်နယ် အေးဂျင့်တွေ ရှိနေလို့ မဟုတ်ဘဲ ငွေအနည်းငယ်လောက်သုံးပြီး လူတွေကို စုဆောင်းထားတဲ့ နည်းလမ်းရိုးရိုးဖြစ်တယ်” လို့ ဂျာမနီနိုင်ငံ နော့သ်ရိုင်းန် ဝက်စ်ဖလိယာ ပြည်နယ် ပြည်ထဲရေးဝန်ကြီး ဟားဘာ့ထ် ရွိုင်းလ်က ပြောပါတယ်။
အဆင့်နိမ့် အေးဂျင့်တွေအဖြစ် ခရီးသွား ၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး သူတို့ဟာ ယူကရိန်းကို ပါဆယ်ထုပ်တွေပို့ဖို့ အစီအစဉ်ရှိနေတယ်လို့လည်း ဆိုပါတယ်။
သူတို့က ပေါက်ကွဲပစ္စည်းမပါတဲ့ ပါဆယ်ထုပ် ၂ ထုပ်နဲ့ စမ်းသပ်ပြတာဖြစ်ပေမဲ့ GPS ကြောင့် ဒီလိုမျိုး ဖြစ်ပျက်နေတာကို စုံစမ်းနိုင်ခဲ့ပြီး သိခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက ဗြိတိန်၊ ဂျာမနီနဲ့ ပိုလန်နိုင်ငံရှိ သိုလှောင်ရုံတွေမှာ ပါဆယ်ထုပ်တွေ ပေါက်ကွဲခဲ့ပြီး ထောက်လှမ်းရေးအရာရှိတွေက ယူကရိန်းကျူးကျော်မှုရဲ့ နောက်ကွယ်မှာ နည်းစုံပေါင်းစပ်တိုက်ခိုက်မှုတွေ ကြီးထွားလာနိုင်တဲ့ အန္တရာယ်တွေ ရှိနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
ဥရောပရှိ ထောက်ပံ့ပို့ဆောင်ရေးဌာနတွေမှာ ပေါက်ကွဲပစ္စည်း ပါဆယ်ထုပ်တွေဟာ အမေရိကန်ကိုသွားမယ့် ကုန်တင်လေယာဉ်တွေပေါ်မှာ ပေါက်ကွဲစေဖို့ ရုရှားအကြံအစည်တခုအတွက် တစိတ်တပိုင်း စမ်းသပ်မှုဖြစ်တယ်လို့ လုံခြုံရေးအရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောပြီး ရုရှားကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။
Source: Reuters