ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒြား လူကာရှန်ကိုဟာ မတ် ၁၉ ရက်က အကျဉ်းသား ၂၅၀ ကို လွှတ်ပေးခဲ့ပြီး ဒါဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ထပ်ပြီးလျှော့ချပေးဖို့အတွက် အလဲအလှယ်အနေနဲ့ အခုထိ လွှတ်ပေးဖူးသမျှထဲမှာ အများဆုံးအရေအတွက်ကို လွှတ်ပေးလိုက်တာလို့ အိမ်နီးချင်း လစ်သူယေးနီးယားနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးက ပြောပါတယ်။
အကျဉ်းသားလွှတ်ပေးမှုဟာ ၁၉၉၄ ခုနှစ်ကတည်းက သမ္မတ လူကာရှန်ကို အုပ်ချုပ်လာခဲ့တဲ့ ဆိုဗီယက်နိုင်ငံဟောင်း ဘယ်လာရုစ်မှာ ဖိနှိပ်မှုတွေကို လျှော့ချဖို့ အပေးအယူလုပ်တဲ့ လုပ်ငန်းစဉ်တခု ဖြစ်ပါတယ်။
ဘယ်လာရုစ်ဟာ နှစ်ပေါင်းများစွာ အထီးကျန်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကြုံတွေ့ခဲ့ရပြီးနောက် အမေရိကန်နဲ့ ဆက်ဆံရေးတွေကို ပုံမှန်ပြန်တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ဆွေးနွေးရေး လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
ဘယ်လာရုစ်မြို့တော် မင့်စ်မှာ သမ္မတ လူကာရှန်ကိုနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အထူးကိုယ်စားလှယ် ဂျွန်ကိုးလ်တို့ ဆွေးနွေးပြီးနောက် လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ ဘလော့ဂါတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေ ပြန်လွတ်မြောက်လာကြပါတယ်။
ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်း ဒီနှစ်ကုန်မတိုင်ခင် လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျွန်ကိုးလ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တကယ်လို့သာ အားလုံးပြန်လွတ်လာမယ်ဆိုရင် ၂၀၂၀ ပြည့်နှစ် ဆန္ဒပြပွဲတွေကို နှိမ်နင်းခဲ့လို့ ဘယ်လာရုစ်အပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုအားလုံးကို ဖယ်ရှားပေးမယ်လို့ သူက ဆိုပါတယ်။
အခုလွတ်လာတဲ့သူတွေထဲက ၁၅ ယောက်ကို လစ်သူယေးနီးယားနိုင်ငံကို ခေါ်ဆောင်သွားပြီး ကျန်သူတွေကတော့ ဘယ်လာရုစ်နိုင်ငံထဲမှာပဲ နေထိုင်နေကြပါတယ်လို့ ဂျွန်ကိုးလ်က ရှင်းပြပါတယ်။
အရင်အသုတ်တွေတုန်းက လွတ်လာတဲ့သူ အများစုကို နိုင်ငံထဲကနေ ချက်ချင်းထွက်သွားဖို့ ဖိအားပေးခံခဲ့ရပါတယ်။
ဒီလိုမျိုး အတင်းအကျပ် ပြည်နှင်ဒဏ်ပေးတာတွေကို "လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု" မြောက်နိုင်ခြေ ရှိ၊ မရှိ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က မတ် ၁၂ ရက်မှာ စတင်စုံစမ်းနေပြီလို့ ထုတ်ပြန်ထားပါတယ်။
ဂျွန်ကိုးလ်က “လွတ်လာသူတွေကို သူတို့မိခင်နိုင်ငံမှာပဲ ဆက်နေခွင့်ရဖို့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း တော်တော်လေး အချေအတင် ဆွေးနွေးခဲ့ရပါတယ်။ အခုလွတ်လာတဲ့သူတွေဟာ ပြစ်ဒဏ်အသေးစားလောက်ပဲ ကျခံရသူတွေပါ” လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားအသစ်တွေကို ထပ်မဖမ်းဆီးတော့ဖို့ လူကာရှန်ကို,ကို မနေ့က တိုက်တွန်းခဲ့တယ်လို့လည်း ဂျွန်ကိုးလ်က ပြောပါတယ်။
Source: Reuters










