
ကချင်ပြည်နယ်၊ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေတာကြောင့် စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ KIA သတင်းရင်းမြစ်ကနေ သိရပါတယ်။
ဖားကန့်-ကားမိုင်းလမ်း၊ ကပ်မှော်နဲ့ ဆိုင်းဖရာကျေးရွာတွေမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ KIA သိမ်းပိုက်ထားပြီးနယ်မြေဖြစ်တဲ့ နန့်တိန်းကျေးရွာဘက်ကို ဦးတည်ပြီး စစ်ကြောင်းထွက်ခွာဖို့ ကြိုးစားနေတဲ့အတွက် ဂေါ့လူယန်၊ ခွန်စိုင်ယန်နဲ့ တံတားညီနောင် လမ်းတလျှောက်မှာ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
“ကပ်မှော် ဆိုင်းဖရာဘက်တွေမှာက နေ့တိုင်း တိုက်ပွဲဖြစ်နေတယ်။ အရင်က စစ်ကြောင်း ၂ ခုနဲ့ အင်းတော်ကြီးနဲ့ ကားမိုင်းဘက်ကပေါ့။ အခုက KIA သိမ်းထားတဲ့ နယ်မြေ နန့်တိန်းဘက်ကို ဂေါ့လူယန် ခွမ်စိုင်ဇွပ် လမ်းကြောင်းဘက် စစ်ကြောင်းခွဲထွက်ဖို့ ကြိုးစားလာလို့ အဲ့ဘက် စစ်ရေးတင်းမာနေတယ်။ ဆိုင်းဖရာကျော်ရင် ဂေါ့လူယန်ရောက်ပြီ။ နန့်တိန်းဘက်ကို ထိုးဖို့ ကြိုးစားတာပေါ့။ အဲဒါကြောင့် ဂေါ့လူယန် ခွမ်စိုင်ဇွပ်နဲ့ တံတားညီနောင်ဘက်မှာ တိုက်ပွဲပြန်ဖြစ်နေတာ။ မနေ့ကတော့ အင်းတော်ကြီးဘက်က စစ်ကြောင်းထိုးလာတဲ့ စကစနဲ့ SNA တပ်တွေနဲ့ ဆနွန်းကုန်းဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်။”
မေ ၁၄ ရက် မနက်အစောပိုင်းက မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ဆနွန်းကုန်းရှိ KIA တပ်စခန်းရှိရာကို စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်လာတာကြောင့် KIA ပူးပေါင်းတပ်ဖွဲ့တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိတယ်လို့ ကချင်သတင်းရင်းမြစ်တချို့ကနေ သိရပါတယ်။
ဖားကန့်ဘက်ကို စစ်မျက်နှာ ၃ ခုကနေ အင်အားအလုံးအရင်းနဲ့ ထိုးတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်နေတဲ့အတွက် ဖားကန့်မြို့ဝင်ပေါက် ၃ နေရာစလုံးမှာ စစ်ရေးတင်းမာနေပါတယ်။
ဧပြီ ၂၃ ရက်ကစပြီး ကားမိုင်း-ဖားကန့်လမ်းကနေ စစ်အင်အား ၅၀၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ လေကြောင်းအကူနဲ့ မေ ၇ ရက်မှာ ဆိုင်းဖရာကျေးရွာကို ဝင်ရောက်သွားနိုင်ခဲ့ပေမဲ့ KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံရတဲ့အတွက် ဆိုင်းဖရာနဲ့ ဂေါ့လူယန်ကျေးရွာမှာ တိုက်ပွဲဖြစ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အင်းတော်ကြီး-ဖားကန့် လမ်းကြောင်းကနေ တက်လာတဲ့ စစ်အင်အား ၅၀၀ ခန့်ကလည်း စစ်ကြောင်းနှစ်ဖွဲ့ခွဲပြီး နန့်မွန်း-ချောင်းဝ လမ်းအပြင် နောက်ထပ် နန့်မွန်း-မိုင်းနောင်-ဂွေခါလမ်းဘက်ကနေ စစ်ကြောင်းထိုးနေတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့ထဲ ဝင်ရောက်နိုင်တဲ့ ကားမိုင်း-ဖားကန့်လမ်း၊ အင်းတော်ကြီး-ဖားကန့်လမ်း၊ ဖားကန့်-ဆယ်ဇင်း-တာမခံ လမ်းကြောင်းကနေ ထိုးစစ်ဆင် ဝင်ရောက်ဖို့ ကြိုးစားနေတဲ့အတွက် ဖားကန့်သွားလမ်းမှာ စစ်ရေးတင်းမာနေတာ ရက်ပေါင်း ၂၀ ခန့် ကြာမြင့်လာပြီဖြစ်ပြီး ကားလမ်းပိတ်ထားတာလည်း ရက်ကြာမြင့်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖားကန့်-တနိုင်းသွား လမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်နဲ့ ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့တွေက မတ်လကုန်ပိုင်းမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီး စစ်ကြောင်းထိုးနေတာကြောင့် လီဒိုလမ်းမပေါ်မှာလည်း စစ်ရေးတင်းမာနေပါတယ်။
KIA စစ်ရေးသတင်းရင်းမြစ်က “ဖားကန့်-တနိုင်းသွား လမ်းဘက်မှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေ ထိုင်တယ်ကြားတယ်။ တနိုင်းဘက်က ကားသမားတွေ ပြန်ပြောတာတော့ လဝါး-တနိုင်းလမ်းမှာ မင်းဇေသန့်တို့ ထိုင်ပြီး အခွန်ကောက်နေတယ် ပြောတယ်။ အနီးအနားက ရွာတွေကတော့ စစ်ရှောင်ကြပြီ။ စကစနဲ့ မင်းဇေသန့် အဖွဲ့ကတော့ ရွာတွေကို မီးရှို့ထားလို့ နေအိမ်တွေ ရာဂဏန်းကတော့ ထိခိုက်ပျက်စီးသွားပြီ။ လဝါးတဝိုလည်း စစ်ရေးတင်းမာနေတဲ့ အခြေအနေပဲ” လို့ ပြောပါတယ်။
လဝါးကျေးရွာဟာ ဖားကန့်နဲ့ တနိုင်း ရွှေမှော်ဒေသတွေကို သွားတဲ့ ကားလမ်းမကြီး လမ်းဆုံနေရာတခု ဖြစ်တာကြောင့် စီးပွားရေး၊ စစ်ရေးတွေအတွက် အလွန်အရေးပါတဲ့ လမ်းပန်းဆက်သွယ်ရေးနေရာတခု ဖြစ်ပါတယ်။
ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲတွေဟာ တနိုင်း-လီဒိုလမ်းတလျှောက်က ဝါရာဇွပ်၊ ရှဒူးဇွပ်၊ စံပြ၊ အောင်ရာနဲ့ ဘန်ကောက်ကျေးရွာတွေမှာ တပ်စွဲပြီး ရွှေမှော်တွေနဲ့ ကုန်တင်ယာဉ်တွေကို အခွန်ကောက်ခံတာကနေ အဓိက ဝင်ငွေရရှိနေတာလို့ သိရပါတယ်။
လက်ရှိ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန် KIA က ၇၀ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီဖြစ်တဲ့ ဖားကန့်ဒေသဘက်ကို တန်ပြန်ထိုးစစ်ဆင်လာတာလည်း ဖြစ်ပါတယ်။
ဟန်န