DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် သဲတော၊ ဝမ်းတွင်းနှင့် ကျောက်ဆည်တို့တွင် ပြန်လည်ထူထောင်ရေး မစနိုင်သေး
DVB
·
May 15, 2025
ငလျင်ဒဏ်သင့် သဲတော၊ ဝမ်းတွင်းနှင့် ကျောက်ဆည်တို့တွင် ပြန်လည်ထူထောင်ရေး မစနိုင်သေး
Donate to DVB

မန္တလေးတိုင်း၊ သဲတောမြို့၊ ဝမ်းတွင်းမြို့နဲ့ ကျောက်ဆည်မြို့တွေမှာ ငလျင်ဒဏ်သင့် ပြည်သူတွေကို စစ်ကောင်စီနဲ့ အလှူရှင်တွေက ထောက်ပံ့ကူညီလှူဒါန်းမှုတချို့ ရှိပေမဲ့ ငလျင်လှုပ်ခတ်ပြီး ရက်ပေါင်း ၅၀ နီးပါးကြာချိန်အထိ ပြန်လည်ထူထောင်ရေး မစနိုင်သေးဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ နေအိမ်၊ အဆောက်အအုံ၊ စက်ရုံပေါင်း အလုံး ၃၂၀ ပြိုကျပျက်စီးခဲ့ပြီး ဘုရားစေတီ၊ ကျောင်းပေါင်း ၂၀၀ နီးပါးနဲ့ ဗလီဘုရားကျောင်း ၄ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် မြို့နယ်အတွင်း သေဆုံးသူ ၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၈၀ ကျော်ရှိခဲ့ပြီး စစ်ကောင်စီက ငလျင်ဒဏ်ကြောင့် သေဆုံးသူကို ကျပ် ၃၀၀,၀၀၀၊ ထိခိုက်ဒဏ်ရာသူကို ကျပ် ၅၀,၀၀၀  ထောက်ပံ့တာတွေ ရှိပါတယ်။

ဝမ်းတွင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ပြန်လည်ထူထောင်ရေးက ဘယ်စနိုင်မလဲ။ အခုထိကို ဘာမှ မလုပ်နိုင်သေးဘူး။ အနည်းဆုံး ကျပ်သိန်း ၁၀၀ ပတ်ချာလည်လောက် ကုန်မယ်။ တချို့ ပိုက်ဆံရှိတဲ့သူတွေကတော့ စနိုင်တာပေါ့။ သာမန်လူတန်းစားအားလုံးက မပြင်နိုင်သေးဘူး။ ဒီအတိုင်း‌ ဟောင်းလောင်းတွေချည်းပဲ၊ ထရံတောင် မကာနိုင်ကြသေးဘူး။ အခုလောလောဆယ်တော့ ရှိတာလေး ကာရုံပဲရှိတယ်” လို့ ပြောပါတယ်။

လက်ရှိမှာလည်း ဝမ်းတွင်းမြို့က ငလျင်ဒဏ်သင့် ပြည်သူတွေဟာ သောက်သုံးရေအတွက် စည်ပင်ရေ မရရှိတာကြောင့် ရေကို ဝယ်ယူသုံးစွဲနေရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဝမ်းတွင်း လူမှုကူညီရေးအသင်း တာဝန်ရှိသူက  “အခု စည်ပင်ရေက လာသလိုလိုနဲ့ စည်ပင်ရေက မရပြန်ဘူး။ မရတဲ့ရပ်ကွက်က များတယ်။ မရတဲ့ရပ်ကွက် များတယ်ဆိုတာလည်း အမှတ် ၁ ညောင်ပင်ရပ်ကွက်ဆိုရင် လုံးလုံးမရဘူး။ ရေက ဝယ်သုံးနေရတာ။ အဲဒုက္ခတွေ သူတို့ (စစ်ကောင်စီ စည်ပင်) က မဖြေရှင်းပေးနိုင်သေးဘူး” လို့ ပြောပါတယ်။

ငလျင်ကြောင့် ကျောက်ဆည်မြို့မှာလည်း နေအိမ်၊ အဆောက်အအုံ ၁၄၇ လုံးဟာ လုံးဝပြိုကျခဲ့ပြီး တမြို့လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ကျောက်ဆည်မြို့မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၈ ယောက်ရှိပြီး ဒဏ်ရာရသူ ၂၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေဟာ ပြန်လည်ထူထောင်ရေးအတွက် အချိန်ယူလုပ်ဆောင်ရမှာလို့ ကျောက်ဆည် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

“ပြန်လည်ထူထောင်ရေးက အချိန်တော့ယူရမှာ။ တချို့ရွာလေးတွေကတော့ အိမ်လေးတွေ ဆောက်ပေးထားတာ ရပြီလေ။ မြို့ပေါ်မှာတော့ တိုက်တာကြီးတွေက လောလောဆယ် သူတို့က မထူထောင်နိုင်သေးဘူး။ တိုက်ပျက်တွေက ပြန်ဖျက်ရတယ်။ ထားလို့မှ မရတာ။ ရအောင်တော့ ဖျက်ကြရတယ်။ မိုးကျတော့မှာဆိုတော့  မိုးခြောက် လေခြောက်မှ ပြန်ထူထောင်တော့မှာ။”

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁,၀၀၀ ကျော်၊ ငလျင်ဘေးသင့်သူ ၁၉၀,၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ် အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB က စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013