ဥရောပကော်မရှင်နဲ့ မိတ်ဖက်နိုင်ငံပေါင်း တဒါဇင်ကျော်ဟာ ဂါဇာကမ်းမြောင်ဒေသကို စစ်ပွဲထဲကနေ ပြန်ထူထောင်ရေး ကူညီဖို့ ယူရို ၈၈၃ ဒသမ ၆ သန်း (အမေရိကန်ဒေါ်လာ ၁ ဘီလီယံ) ပေးမဲ့ အစီအစဉ်တခုကို ဇူလိုင် ၁၃ ရက်မှာ စတင်ခဲ့ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တော်မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမက် မူစတာဖာ၊ မြေထဲပင်လယ်ဆိုင်ရာ ဥရောပကော်မရှင်နာ မင်းကြီး ဒူဘရာကာ ဆွစ်ကာနဲ့ အလှူရှင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေက သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
"Team Gaza Initiative" အစီအစဉ်ဟာ ရေနဲ့ မိလ္လာစနစ် ပြန်ထူထောင်တာ၊ အပျက်အစီးတွေ ဖယ်ရှားတာနဲ့ ကျန်းမာရေးစနစ်တွေ ပြန်ထူထောင်တာလိုမျိုး စီမံကိန်းတွေကို ပံ့ပိုးပေးမယ်လို့ ကော်မရှင်က ကြေညာချက်ထုတ်ပြန် ပြောပါတယ်။
စပိန်၊ ဒိန်းမတ်၊ ဗြိတိန်၊ ဂျာမနီ၊ နော်ဝေ၊ ဖင်လန်၊ အီတလီ၊ နယ်သာလန်၊ ပြင်သစ်၊ ဂျပန်၊ ဆွစ်ဇာလန်၊ ဆွီဒင်နဲ့ ဘယ်လ်ဂျီယံ၊ ကမ္ဘာ့ဘဏ်နဲ့ ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်တို့ကလည်း ကော်မရှင် ကိုယ်တိုင်နဲ့အတူ အစီအစဉ်မှာ ပါဝင်နေတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီအစီအစဉ်မှာ သြစတြေးလျနဲ့ ကနေဒါတို့လည်း ပါဖို့ မျှော်လင့်ရပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား ပဋိပက္ခစတင်ခဲ့ပြီး ၂ နှစ်ခွဲကျော်အကြာမှာ ဂါဇာဟာ အပျက်အစီးတွေဖြစ်ပြီး ကျန်ရစ်ခဲ့ပါတယ်။
ဂါဇာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေရဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံ လောက်ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။
အစ္စရေးက ဂါဇာအပေါ် လေကြောင်းနဲ့ မြေပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူဦးရေ ၂ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုက ဟားမတ်စ် အုပ်ချုပ်တဲ့ ကမ်းရိုးတန်းဒေသမှာ တဲတွေ ဒါမှမဟုတ် ပျက်စီးနေတဲ့ အဆောက်အအုံတွေမှာ နေထိုင်ကြပါတယ်။
Source: Reuters










