DVB Logo
Home
မြန်မာသတင်း
နတ်တလင်းတွင် တိုက်ပွဲပြင်းထန်၊ စစ်သား ၈ ဦး သေဆုံးပြီး စစ်ရေးတင်းမာနေ
DVB
·
May 15, 2025
နတ်တလင်းတွင် တိုက်ပွဲပြင်းထန်၊ စစ်သား ၈ ဦး သေဆုံးပြီး စစ်ရေးတင်းမာနေ
Donate to DVB

ပဲခူးတိုင်း၊ နတ်တလင်း​မြို့နယ်မှာ မေ ၁၄ ရက် မနက် ၄ နာရီဝန်းကျင်က စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက်မှုတွေရှိကာ စစ်ရေးတင်းမာနေတယ်လို့ နတ်တလင်း​အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ (Phoenix DF) ရဲ့ တပ်ခွဲစာရေးတာဝန်ခံ ဂျူပီတာက “အင်းမတပ်က အင်အား ၄၀ လောက်နဲ့ ပျဥ်ပုံရွာက ပြည်သူ့စစ်တွေ ပေါင်းပြီး စုပေါင်းအင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထွက်လာတဲ့ လမ်းကြောင်းမှာ ၁၂၀-မမ လို လက်နက်ကြီးတွေနဲ့လည်း ကြိုပစ်တယ်။ ဒရုန်းတွေနဲ့လည်း ဗုံးကြဲတာတွေ လုပ်ပြီးမှ စစ်ကြောင်းထိုးကြတာ။ အဲဒီစစ်ကြောင်းကို နတ်တလင်း အရှေ့ဘက်ခြမ်းက တောင်ညိုဆည်နားမှာရှိတဲ့ ထန်းတောရွာနားမှာ စောင့်ပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေ ၁၂ ရက်ကတည်းက ပျဥ်ပုံ ပျူစောထီးကျေးရွာမှာ ရောက်ရှိ တပ်စွဲနေကြတာဖြစ်ပြီး အနီးအနားကျေးရွာတွေ ဖြစ်ကြတဲ့ လယ်မအင်း၊ ဘန့်ဘွေးကုန်း၊ ထန်းတောကျေးရွာတွေဘက်ကို ၁၂၀-မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတွေဟာ ကြောက်လန့် ထွက်ပြေးနေကြရတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို နတ်တလင်း ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုဖြစ်ကြတဲ့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ (Phoenix DF)၊ တပ်ခွဲ ၄ Bamar Revolution Army (BRA)၊ တပ်ခွဲ ၆ (ဧရာညီနောင်) တပ်ဖွဲ့တွေနဲ့အတူ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နတ်တလင်း-ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

BRA ပြောရေးဆိုခွင့်ရှိသူ တပ်ခွဲမှူး ရဲဘော်လကျ်ာက “အဲဒီတိုက်ပွဲက ၃ နာရီလောက် ကြာခဲ့တယ်။ ကျနော်တို့ နတ်တလင်းနယ်ထဲမှာတော့ အပြင်းထန်ဆုံးနဲ့ အချိန်အကြာဆုံး တိုက်ပွဲပါပဲ။ တိုက်ပွဲစတော့ ကျနော်တို့ဘက်က စနိုက်ပါ ပစ်ချက်ကြောင့် စခ ၂ ယောက် သေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက် ပစ်တော့ နောက်ထပ် ၆ ယောက် ထပ်သေတယ်။ ဒဏ်ရာရသူများလို့ ရှေ့ဆက်မတိုးရဲတော့ဘဲနဲ့ ပျဥ်ပုံပျူရွာထဲကို ပြန်ဝင်သွားတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့ ၁၂၀-မမ လက်နက်ကြီးတွေအပြင် ဒရုန်း ၇ စီးနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၅ ယောက်လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ပျဥ်ပုံကျေးရွာအတွင်း ပြန်လည်တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေ ၁၅ ရက် မနက်ပိုင်းအထိ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေပြီး စစ်ရေးအခြေအနေ တင်းမာနေလို့ ဒေသခံပြည်သူတွေ အနေနဲ့လည်း စစ်ရေးသတိရှိကြဖို့ လိုတယ်လို့လည်း ၃၈၀၁ တပ်ရင်း တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

အဆိုပါတိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးသလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီးတော့လည်း DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013