
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့ကို မေ ၁၅ ရက် မနက် ၇ နာရီကျော်က စတင်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲပြီး စက်လတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မနက်ခင်း ၅ နာရီလောက်ကစပြီး သေနတ်ပစ်သံတွေ ကြားရပြီး အခုလို ဗုံးကြဲပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှု ရှိနိုင်တယ်လို့ ဆီမီးခုံမြို့အနီးက ပြည်သူတယောက်က ပြောပါတယ်။
“အဲလိုပစ်သံတွေကြားရပြီး မနက်ခင်း ၇ နာရီကျော်မှာ စစ်တပ်ဘက်က လေယာဉ်နဲ့ ၂ ကြိမ်ပတ်ပြီး ဗုံးကြဲပစ်ခတ်တာတွေ လုပ်တယ်။ ပထမအကြိမ်က ဗုံးသီး ၂ လုံး ကြဲချတယ်။ နောက် ဒုတိယအပတ်ကတော့ လေယာဉ်ပေါ်ကနေ စက်လတ်နဲ့ ပစ်သွားတယ်။ မနက်ခင်း ၈ နာရီကျော်တော့ နောက်ထပ် လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်သေးတယ်။ အဲဒီအကြိမ်ကတော့ ၄ ပတ် ပတ်ပြီး ဗုံးကြဲပစ်ခတ်တယ်ဗျ။ မြို့ထဲက ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ မြို့အဝင်အထွက် အနီးတွေကို ဗုံးကြဲပစ်ခတ်သွားတယ်။ မြို့ထဲက အရပ်သားတွေလည်း သေဆုံးမှုရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
ဆီမီးခုံမြို့က စစ်ကောင်စီစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်လို့ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးများတာကြောင့် အခုလို စစ်တပ်က လေကြောင်းကနေ ပစ်ကူနေရတာ ဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
မြေပြင်တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေတဲ့ ရဲဘော်တယောက်က “တိုက်ပွဲဖြစ်နေတာ ဟုတ်ပါတယ်။ အသေးစိတ်ကတော့ တိုက်ပွဲမပြီးသေးလို့ ဘာမှ မပြောနိုင်သေးဘူး” လို့ ပြောပါတယ်။
ဆီမီးခုံမြို့ဟာ မြင်းခြံမြို့နဲ့ မိုင် ၂၀ ခန့် ကွာဝေးပြီး ဧရာဝတီမြစ်ကမ်းမှာ တည်ရှိကာ မြို့ပေါ်မှာ ရဲစခန်းရှိသလို မြစ်ကမ်းမှာလည်း စစ်သင်္ဘောတွေ ဆိုက်ကပ်ထားတဲ့ မြို့တခု ဖြစ်တယ်လို့လည်း သိရပါတယ်။