
၂၀၂၅ ခုနှစ် ဧပြီလအတွင်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြို့နယ် စုစုပေါင်း ၁၃၈ မြို့နယ် ရှိတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က ဒီကနေ့ မေ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြည်နယ် ၅ ပြည်နယ်လောက်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး မန္တလေးတိုင်းမှာဆိုရင် အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့အတွက် ဝိုင်ဖိုင်ကလွဲလို့ ကျန်ဆက်သွယ်ရေးလိုင်းတွေဟာ မန္တလေး တတိုင်းလုံးနီးပါး အတိုင်းအတာနဲ့ ပြတ်တောက်နေတာ ဖြစ်တယ်လို့ အသံအဖွဲ့က ဆိုပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ထူးခြားဖြစ်စဉ်အဖြစ် မတ်လ နောက်ဆုံးပတ်ကစပြီး TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နောင်ချိုမြို့နယ်မှာ ဖုန်းအသုံးပြုခွင့်ကို စစ်ဆေးတင်းကျပ်မှုတွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
မတ် ၁၆ ရက်က နောင်ချိုမြို့နယ် တောင်ရပ်ကွက်က စိန်ရတနာပရိယတ္တိ စာသင်တိုက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုဟာ ဖုန်းလိုင်းခဏ ပြန်ဖွင့်ပြီးနောက် ဖြစ်ပွားခဲ့တဲ့အတွက် အခုလို TNLA က လေကြောင်းအန္တရာယ် စိုးရိမ်မှုကို အကြောင်းပြကာ ဖုန်းအသုံးပြုပါက ဒဏ်ငွေ ၁၀ သိန်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်မယ်ဆိုပြီး စစ်ဆေးတင်းကျပ်နေတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။