Home
မြန်မာသတင်း
စစ်ကောင်စီ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို နိုင်ငံတကာက အရေးယူပေးရန် NLD တောင်းဆို
DVB
·
May 15, 2025

စစ်ကောင်စီ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအပေါ် နိုင်ငံတကာအသိုက်အဝန်းက  အရေးယူပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က  ဒီကနေ့ မေ ၁၅ ရက်မှာ ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

စစ်ကောင်စီဟာ အပစ်ရပ်ကြေညာချက်ကို ချိုးဖောက်ပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ကာ အစုလိုက်အပြုံလိုက် သေဆုံးစေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်နေတာကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက  လူသားချင်းစာနာမှုနဲ့ တားဆီး၊ အရေးယူ ဆောင်ရွက်ပေးဖို့ NLD က မေတ္တာရပ်ခံတိုက်တွန်းလိုက်တာပါ။

စစ်တပ်ရဲ့ အပစ်ရပ်ကာလအတွင်း ဧပြီ ၃ ရက်ကနေ မေ ၁၃ ရက် အထိ တိုင်းနဲ့ပြည်နယ် ၁၁ ခု မှာ လေကြောင်းတိုက်ခိုက်မှု ၁၈၁ ကြိမ်ရှိပြီး  သေဆုံးသူ ၁၈၂ ယောက်နဲ့  ဒဏ်ရာရသူ ၂၉၈ ယောက်ရှိပြီလို့   လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD)က ကောက်ယူထားတဲ့  စာရင်းတွေအရသိရပါတယ်။

ငလျင်ဘေးသင့်ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ တိုက်ခိုက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး သေဆုံးသူတွေထဲမှာ ၁၈ နှစ်အောက်ကလေးငယ် ၃၄ ယောက်နဲ့ ဒဏ်ရာရရှိသူတွေထဲမှာ  ၁၈ နှစ်အောက် ကလေးငယ် ၇၆ ယောက် ပါဝင်ပါတယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ် ၅ ခုကို လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း ၁၅ ကြိမ်ရှိခဲ့ပြီး သေဆုံးသူ ၁၄ ယောက်နဲ့ ဒဏ်ရာရ ၄၃ ယောက် ရှိပြီး အဲဒီထဲမှာ  ၁၈ နှစ်အောက် ကလေးသူငယ် ၈ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

အလားတူ အပစ်ရပ်ပြီးနောက်ပိုင်း စစ်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူတွေရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီးတာ၊ အကြမ်းဖက် သတ်ဖြတ်တာတွေကိုလည်း ကျူးလွန်ခဲ့ပြီး အဲဒီလုပ်ရပ်ကြောင့် သေဆုံးသူ ၁၆၉ ယောက် ရှိခဲ့ပြီး အသက် ၇ လသား ကလေးငယ်အပါအဝင် ၁၈ နှစ်အောက်သေဆုံးသူ ၃၆ ယောက် အထိရှိခဲ့ပါတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီက အပစ်ရပ်ကြေညာပြီးနောက်ပိုင်း ငလျင်ဘေးသင့်ဒေသတွေအပါအဝင် ဒေသအသီးသီးကို လေကြောင်းကတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေ၊ မီးရှို့ဖျက်ဆီးတာတွေနဲ့ အကျဥ်းထောင်တွင်း နိုင်ငံရေးအကျဥ်းသားတွေကို  ညှဥ်းပန်း နှိပ်စက်တာတွေကိုပါ ဆက်တိုက်ကျူးလွန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

အင်အားပြင်းငလျင်ကို အကြောင်းပြပြီး စစ်ကောင်စီက မေလ ၆ ရက် မှ မေလ ၃၁ရက်အထိကို တတိယအကြိမ် အပစ်ရပ်စဲကြောင်း ဟန်ပြထုတ်ပြန်ထားပေမဲ့  တဖက်မှာလည်း ငလျင်ဘေးသင့် ဒေသတွေအပါအဝင်  နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေပါတယ်။

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024