
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို မေ ၁၄ ရက် ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုတချို့ ရှိကြသလို နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးသွားတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
ကျောက်တော်မြို့၊ ရွာမရပ်ရွာကို မေ ၁၄ ရက် ညနေ ၃ နာရီ ၅၀ မိနစ်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နေရာမှာတင် အမျိုးသမီး ၃ ယောက် သေဆုံးခဲ့သလို နောက်ထပ် ထိခိုက်ဒဏ်ရာရရှိသူတချို့ ရှိပြီး နေအိမ် ၉ ဆောင်ထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ကျောက်တော်မြို့ခံတယောက်က ပြောပါတယ်။
“စစ်ကောင်စီက လူနေရပ်ကွက်ထဲကို တမင်ရည်ရွယ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ဘာစစ်ရေးစခန်းမှမရှိတဲ့ အရပ်သား လူနေရပ်ကွက်ကို ဗုံးကြဲတာဖြစ်တယ်။ အမျိုးသမီး ၃ ဦး သေဆုံးမှုရှိတယ်။ နောက်ထပ် ထိခိုက်ဒဏ်ရာရရှိသွားသူ ၅ ဦးရှိတယ်။ အိမ်လည်း ၉ ဆောင်ထက်မနည်း ပျက်စီးသွားတယ်။ သေဆုံးသွားတဲ့အထဲမှာ စစ်တွေဘက်က စစ်ဘေးရှောင်နေသူတဦးလည်း ပါတယ်လို့ သိရတယ်။”
ကျောက်တော်မြို့ကို ဧပြီ ၁၃ ရက်နဲ့ ၁၉ ရက်တို့ကလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၃ ယောက် သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။
မေ ၁၃ ရက်ကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၂ ယောက် သေဆုံးပြီး နောက်ထပ် ၂၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၃၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ထိရောက်စွာ ပေးနိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို မေ ၃၁ ရက်အထိ တလတာ တိုးမြှင့်ထားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်တာတွေကို ပြင်းထန်စွာရှုတ်ချတယ်လို့လည်း AA က ပြောထားပါတယ်။
ဒါ့အပြင် အသက်ဆုံးရှုံးခဲ့တဲ့ မိဘပြည်သူလူထုတွေရဲ့ မိသားစု၊ ဆွေမျိုးတွေနဲ့ ထပ်တူဝမ်းနည်းရပြီး အပြစ်မဲ့ အရပ်သားပြည်သူလူထုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ကောင်းစွာ မှတ်တမ်းတင်ထားတယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။