
အရပ်သားပြည်သူတွေကို နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့နေတဲ့ နိုင်ငံတွေကို ပိတ်ဆို့အရေးယူဖို့ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံကို Fortify Right လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက အရပ်သားတွေကို ကာကွယ်ဖို့ အစီအမံတွေ အဆိုပြုသင့်ပြီး စစ်ကောင်စီကို လေယာဉ်ဆီ၊ လက်နက်နဲ့ နိုင်ငံရေးဆိုင်ရာ အထောက်အပံ့ အသိအမှတ်ပြုမှု ရရှိခြင်းမှ တားဆီးရန် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်သင့်တယ်လို့ Fortify Right က မေ ၁၄ ရက်မှာ တောင်းဆိုပါတယ်။
အမေရိကန် အပါအဝင် အစိုးရတွေက မြန်မာစစ်ကောင်စီကို လေယာဉ်ဆီရောင်းချမှုနဲ့ လွှဲပြောင်းမှုတို့ကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားပေမဲ့ နိုင်ငံတကာ ဈေးကွက်ကနေ လေယာဉ်ဆီ ဆက်လက်ဝယ်ယူရရှိနေပြီး အရပ်သားတွေကို သေစေနိုင်တဲ့ တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မေ ၁၂ ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က မိတ္ထီလာရှမ်းတဲလေတပ်က တက်တဲ့ ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ ဆရာမ ၂ ယောက် အပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံပိုင်မီဒီယာကနေ တဆင့် ဒီပဲယင်းမြို့နယ်က စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်မှုဟာ သတင်းမှားသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။