
ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အမျိုးသမီး ၂ ယောက်ထဲက တယောက်ဟာ မေ ၈ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ Shield Women Organization က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်သားတွေ အလင်းဝင်ရောက်မယ်ဆိုပြီး တက်တူကျေးရွာ အုပ်ချုပ်ရေးမှူးကို ငွေကြေးလိမ်လည်တောင်းခံတဲ့ ကိစ္စမှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ငွေကြေးလိမ်လည်သူရဲ့ ထွက်ဆိုချက်အရ အခုလိုဖမ်းဆီးရတာလို့ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။
ဖမ်းဆီးလာခဲ့တဲ့ တပ်ဖွဲ့ဝင် အမျိုးသား ၃ ယောက်ကိုတော့ ဧပြီ ၂၀ ရက်နေ့က မိခင်တပ်ရင်းဆီ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး မေ ၈ ရက်နေ့မှာတော့ တပ်ဖွဲ့ဝင်တယောက်ရဲ့ ဇနီးဖြစ်သူကို အမှုနဲ့ မသက်ဆိုင်ဘူးဆိုကာ လွှတ်ပေးခဲ့တာလို့ Shield Women Organization က ဆိုပါတယ်။
ဖမ်းဆီးချိန်မှာ သိမ်းယူခဲ့တဲ့ မြန်မာငွေကျပ် နှစ်သန်းလေးသောင်းရှစ်ထောင်ကျပ်၊ လက်ကိုင်ဖုန်းနဲ့ ရွှေချိန် ၂ ကျပ်၊ ၃ ပဲ၊ ၄ ရွေးရှိတဲ့ ရွှေထည်တွေကို လွှတ်ပေးတဲ့အချိန်မှာ ပြန်လည်ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးခံရတဲ့အထဲ ကျန်ရှိနေတဲ့ အမျိုးသမီးတယောက်ကတော့ တပ်ဖွဲ့ဝင်တယောက်ရဲ့ မိခင်ဖြစ်ပြီး ဒီမိခင်ဖြစ်သူကတော့ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
လွတ်မြောက်လာဖို့ ကျန်ရှိနေတဲ့ အမျိုးသမီးဟာ အသက်အရွယ်ကြီးရင့်သူ ဖြစ်တဲ့အတွက် မိသားစုဝင်တွေအနေနဲ့ မိခင်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထူးစိုးရိမ် ပူပန်တယ်လို့လည်း Shield Women Organization က ဆိုပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ မိခင်ဖြစ်သူ အမျိုးသမီးကို မိသားစုဝင် ဒါမှမဟုတ် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ပေးဖို့နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၂ ယောက်လုံးနဲ့ ပတ်သက်တဲ့ အမှုကို လူသားချင်းစာနာထောက်ထားမှု၊ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ရပိုင်မှုတွေနဲ့အညီ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးစနစ်နဲ့ အမြန်ဆုံး စီရင်ဆောင်ရွက်ပေးဖို့ကို Shield Women Organization က ထုတ်ပြန်ချက်ကနေ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။