DVB Logo
Home
မြန်မာသတင်း
သာပေါင်းတွင် စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြီး စားသောက်ကုန်များ သယ်ခွင့်ပိတ်
DVB
·
May 14, 2025
သာပေါင်းတွင် စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြီး စားသောက်ကုန်များ သယ်ခွင့်ပိတ်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်က ကျေးရွာတွေကို မေ ၁၁ ရက်က စတင်ပြီး စစ်ကောင်စီက ညနေ ၆ နာရီကနေ မနက် ၆ နာရီထိ ညမထွက်ရအမိန့်ထုတ်ပြီး စားသောက်ကုန်တွေ သယ်ယူခွင့်ပါ ပိတ်ပင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညနေ ၆ နာရီမှ မနက် ၆ နာရီထိ ညမထွက်ရ ပိတ်ပင်လိုက်ပြီးနောက် ကြက်သွန်ကွင်းဂိတ်ကနေ ကဇင်းတောရွာအထိ ဂိတ်ကို မဖြတ်ရအမိန့်ကို နှုတ်မိန့်နဲ့ ကြေညာထားတာဖြစ်ပြီး အဲဒီဂိတ်တွေကနေ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေကို ဆန်၊ ဆီ၊ ဆားနဲ့ စက်သုံးဆီ စတဲ့ ကုန်ပစ္စည်းတွေကို သယ်ယူခွင့်ပါ ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

သာပေါင်းမြို့နယ် ဒေသခံတယောက်က “ဘာ့ကြောင့်လဲဆိုတော့ စစ်ရေးကြောင့်လို့ပဲ ထင်တယ်။ ကြက်သွန်ကွင်းဂိတ်ကို ဖြတ်ပြီး သဲဖြူဘက် လာလို့မရသလို ကဇင်းတောဘက်ကနေလည်း သာပေါင်းဘက်ကို လာလို့မရဘူး။ အဲ့နှစ်ခုကနေ ပိတ်ထားတာ မနက် ၆ ကနေ ညနေ ၆ ထိပဲ ဖြတ်လို့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေရဲ့ ကန့်သတ်ပိတ်ပင်ချက်ကြောင့် ကျေးရွာတွေက စျေးဆိုင်တွေ၊ ကုန်စုံဆိုင်လေးတွေမှာ စားသောက်ကုန်ပစ္စည်းတွ ပြတ်လပ်တဲ့အထိ ဖြစ်လာပြီး ကျေးရွာတွေက သစ်ခုတ်၊ ဝါးခုတ်၊ ထင်းခုတ်၊ မီးသွေးဖုတ်၊ လယ်ယာလုပ်ငန်း လုပ်သူတွေဟာ ပိုမိုအခက်တွေ့နေတယ်လို့ ဆိုပါတယ်။

သာပေါင်းမြို့နယ်က ကုန်စုံရောင်းချသူတယောက်က “ကျန်တာ အရောင်းအဝယ် မလုပ်ရတာ သိပ်ကိစ္စမရှိဘူး​ပေါ့နော်။ ဆန်ဝယ်မရတာက အတော်ဒုက္ခရောက်နေတာ။ ရွာထဲက ဆိုင်လေးတွေမှာပါ ဆန်က ပြတ်နေတာ။ စားဆီနဲ့ စက်သုံးဆီလည်း မရတော့ဘူး။ စစ်တပ်ဘက်က ပိတ်ထားတာ” လို့ ပြောပါတယ်။

သာပေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက ကြက်သွန်းကွင်းဂိတ်ကို လုံးဝ ဖြတ်သန်းခွင့် ပိတ်ထားတာအပြင် လက်နက်အင်အားအပြည့်နဲ့ စခန်းချကာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

မေ ၆ ရက်ကလည်း ဧရာ၀တီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်သွန်ကွင်း-သဲဖြူ ကားလမ်း ၇ မိုင်မှာ ဆိုင်ကယ် ကယ်ရီသမားတွေ အပါအဝင် အရပ်သား ၁၁ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက PDF ထောက်ပို့လို့ စွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013