
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က စစ်ကောင်စီရဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းတွေကို ဒီနေ့ မေ ၁၄ ရက်မှာ ပြန်ခေါ်တွေ့ပြီး ရာထူးပြန်ခန့်လိုက်တယ်လို့ အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။
MNDAA နဲ့ တော်လှန်ရေးတပ်တွေ လားရှိုးမြို့ကို မသိမ်းခင်က စစ်ကောင်စီ ခန့်အပ်ထားတဲ့ ရပ်ကွက် ၁၂ ခုနဲ့ ကျေးရွာတချို့က အုပ်ချုပ်ရေးမှူးဟောင်းတွေ အားလုံးကို ပြန်ခေါ်တွေ့တာ ဖြစ်ပြီး အုပ်ချုပ်ရေး ပြန်လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့နီးစပ်သူတယောက်က “ဒီနေ့ စစ်ကောင်စီဘက်က ရပ်ကွက် ၁ ကနေ ၁၂ အထိ နယ်မြေမှူး၊ ရာအိမ်မှူးအားလုံးကို ခေါ်တယ်။ ထွေအုပ်တွေကို အားလုံးပြန်ပြီးတော့ ခေါ်ခန့်တာတွေ ရှိတယ်။ MNDAA ခန့်တဲ့ ထွေအုပ်ဝန်ထမ်းတွေ မဟုတ်ဘူး။ စစ်ကောင်စီရဲ့ လူဟောင်းတွေကို ပြန်ခေါ်ခန့်တာ။ သူတို့လူကို သူတို့ ပြန်ခေါ်ခန့်တာ”လို့ ပြောပါတယ်။
ဧပြီ ၂၁ ရက်မှာ ကိုးကန့်တပ် MNDAA က တရုတ်ရဲ့ ဖိအားကြောင့် လားရှိုးမြို့ကနေ ပြန်ဆုတ်ပေးလိုက်ရပြီး ၂ ပတ်ကျော်ကြာတဲ့အထိ စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နိုင်မှုမရှိသေးတာ ဖြစ်ပါတယ်။
လားရှိုးမြို့ ဒေသခံတယောက်က “ရပ်မိရပ်ဖ ၅ ဦးနဲ့အတူ ထွေအုပ်ရုံးလာဖို့ ဆင့်ခေါ်တယ်လို့တော့ သိရတယ်။ အုပ်ချုပ်ရေးမှူးတွေကို ပြန်ခန့်ဖို့အတွက်လို့ သိရတယ်။ ၁၀၂၇ စစ်ဆင်ရေးမစခင်က ခန့်အပ်ထားတဲ့ လူဟောင်းတွေကို ပြန်ပြီးတော့ ခေါ်တာ။ ဒီနေ့ စတယ်လို့ ပြောတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီအုပ်ချုပ်ရေးတွေ ပြန်ဝင်လာပြီး မကြာမီမှာပဲ လားရှိုးမြို့မှာ အုပ်ချုပ်ရေးပိုင်းတွေ မရှိလို့ ဓားပြမှု၊ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေလို့ ဒေသခံတွေလည်း စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီက လားရှိုးမြို့ကို ပြန်ဝင်ရောက်လာပေမဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ ဌာနဆိုင်ရာရုံးတွေမှာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်ပြီး အခြေမချနိုင်သေးသလို ရောက်လာတဲ့ ဝန်ထမ်းတွေလည်း မန်ဆူရှမ်းကျောင်းမှာ တည်းခိုနေရတယ်လို့ သိရပါတယ်။
ကိုးကန့်တပ်တွေ ပြန်ဆုတ်သွားပြီးတဲ့နောက် မေ ၂ ရက်မှာ စစ်ကောင်စီတပ်ရဲ့ ယာဉ်ထိန်းရဲ၊ သတင်းရဲတပ်ဖွဲ့၊ ပညာရေးဌာနနဲ့ စည်ပင်ဌာန၊ ထွေအုပ်ဝန်ထမ်းတွေ လားရှိုးမြို့ကို ပြန်လည် ဝင်ရောက်လာတာလို့ သိရပါတယ်။