
ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့မှာ တရုတ်နိုင်ငံသားတွေက ဆိုင်ခန်းနဲ့ မြေကွက်တွေကို လိုက်လံငှားရမ်းပြီး စီးပွားရေး လုပ်ကိုင်လာကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်က သိန္နီမြို့ကို MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားတာ တနှစ်ကျော်ပြီဖြစ်ကာ ဒီလပိုင်းအတွင်း တရုတ်နိုင်ငံသားတွေ ရောက်ရှိလာပြီး ဈေးဆိုင်ခန်းတွေနဲ့ မြေကွက်တွေကို လိုက်လံငှားရမ်း စီးပွားရေး လုပ်ကိုင်လာကြတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်ခံရတာတွေ ဆက်တိုက်ရှိနေခဲ့တဲ့ သိန္နီမြို့ဟာ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် လက်ရှိမှာ လေကြောင်းတိုက်ခိုက်ခံရတာ မရှိတော့လို့ လူပြန်စည်ကားစပြုလာပါပြီ။
စစ်ကောင်စီတပ်က ဗုံးကြဲခဲ့လို့ ပျက်စီးသွားခဲ့တဲ့ သိန္နီဈေး၊ ဆေးရုံနဲ့ တံတားတွေကိုတော့ MNDAA ကိုးကန့်အုပ်ချုပ်ရေးပိုင်းက ပြန်လည်တည်ဆောက်ပြုပြင်နေပါတယ်။
သိန္နီမှာ တရုတ်နိုင်ငံသားတွေ စီးပွားရေးလုပ်ငန်းတွေလာလုပ်တာကြောင့် တရုတ်စာ၊ တရုတ်စကားနဲ့ တရုတ်ငွေကို အဓိက အသုံးပြုလာကြတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
MNDAA ကိုးကန့်တပ်ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေဟာ မြန်မာ-တရုတ်နယ်စပ်မှာ ရှိတဲ့ လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကို၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီနဲ့ လားရှိုးမြို့နယ်တွေကို ၂၀၂၃ အောက်တိုဘာမှ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆေးရေးကာလအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အထူးဒေသ (၁) အဖြစ် သတ်မှတ်ကာ အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်နေတာပါ။