
စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ထီးတော်တင်ပြီးနောက် ဧရာဝတီတိုင်း၊ ရေကြည်မြို့က သမိုင်းဝင်စေတီတော်တဆူဖြစ်တဲ့ ဒီပါရုံစေတီတော်မြတ်ကြီးကို မေ ၁၄ ရက် မွန်းလွဲပိုင်းက မိုးကြိုးထိမှန်ပြီး စိန်ဖူးတော် မြေခခဲ့တယ်လို့ သိရပါတယ်။
အဲဒီစေတီတော်ကြီးကို ပြီးခဲ့တဲ့တပတ် မေ ၆ ရက်က စစ်ကောင်စီရဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနဲ့ ဇနီးတို့က ထီးတော်အသစ် တင်လှူခဲ့တာလို့လည်း ဆိုပါတယ်။
ဒီပါရုံစေတီတော်အနီး နေထိုင်သူက “မိုးသိပ်မရွာဘဲ ရုတ်တရက် လေပြင်းတွေတိုက်လာပြီး မိုးကြိုးပစ်ချတာ။ စေတီတော်စိန်ဖူးတော် မြေခသွားတာအပြင် စေတီရဲ့ ဖောင်းရစ်တော်တွေပါ ထိမှန်ကွဲကျသွားတာ” လို့ ပြောပါတယ်။
ရေကြည်မြို့ဟာ ဟံသာဝတီခေတ်ရဲ့ မွန်လူမျိုးတွေ ထူထောင်ခဲ့တဲ့ ပုသိမ် ၃၂ မြို့ထဲမှာ စာရင်းဝင်တဲ့ မြို့တမြို့ဖြစ်ပြီး ဒီပါရုံစေတီတော်မြတ်ကြီးဟာ မြို့တည်ချိန်က စတင်တည်ထားခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် စေတီတော်တဆူ ဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။
ရေကြည်မြို့နယ်က ရပ်မိရပ်ဖတယောက်က “အခု မိုးကြိုးမိတဲ့ စေတီကြီးကို စစ်ကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့ ယတြာချေ ထီးတော်တင်တာလို့ သိရတယ်။ ရည်ရွယ်ချက်မကောင်းတော့ မိုးကြိုးထိတာ။ စစ်ကောင်စီတပ်အတွက် နိမိတ်မကောင်းဘူး။ အကျဘက် ရောက်လာပြီဆိုတဲ့ သဘောလို့။ ရေကြည်ဘက်မှာကလည်း တိုက်ပွဲတွေဖြစ်နေတာ။ အမြောက်တပ်အနီး ရောက်လာပြီ” လို့ ပြောပါတယ်။
အဲဒီ မိုးကြိုးထိမှန်တဲ့ စေတီတော်ကြီးကို စစ်ကောင်စီခန့် မြို့နယ်နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေ မေ ၁၄ ရက် ဒီနေ့မှာ လာရောက်စစ်ဆေးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။