
ဧရာဝတီတိုင်းကနေ ပဲခူးတိုင်း၊ ကဝမြို့နယ်မှာ အလုပ်သွားလုပ်နေတဲ့ မိန်းကလေးငယ်တယောက် မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂၉ ရက်က ကဝမြို့နယ်၊ အုန်းနှဲကျေးရွာနဲ့ သင်မန်းကန်ကျေးရွာကြားမှာရှိတဲ့ ငါးမွေးကန်တခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးဟာ မွန်းလွဲ ၂ နာရီကျော်လောက်မှာ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “မိုးကြိုးပစ်ခံရတဲ့ အမျိုးသမီးက အလုပ်လာလုပ်တာလို့ သိရတယ်။ တခါတည်း ပွဲချင်းပြီး ဆုံးသွားတာ။ ငါးမွေးကန်မှာ အလုပ်လုပ်နေတုန်း မိုးကြိုးပစ်ချတာ” လို့ ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ကဝမြို့နယ် အုန်းနှဲတိုက်နယ် ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုဖို့ လိုအပ်တယ်လို့ စစ်အာဏာရှင်လက်အောက်ခံ မြန်မာမိုးလေဝသဌာနက ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီမှာ ထုတ်ပြန်သတိပေးထားပါတယ်။











