
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုဖြစ်စဥ်မှာ ဒဏ်ရာရသူတွေထဲက ကလေးငယ် ၂ ယောက် ထပ်မံသေဆုံးသွားပြီး စုစုပေါင်း သေဆုံးသူ ၂၄ ယောက်အထိ ရှိလာနေပါပြီ။
ဒီပဲယင်းမြို့နယ်ရှိ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို မေ ၁၂ ရက်က လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေထဲကနေ နောက်ထပ် ကလေးငယ် ၂ ယောက် ထပ်မံသေဆုံးသွားတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မေ ၁၄ ရက်မှာ ဒဏ်ရာရသူတွေထဲက အသက် ၁၁ နှစ်အရွယ် ကျောင်းသူ မပြည့်ပြည့်ငြိမ်းနဲ့ မေ ၁၃ ရက်က အသက် ၈ နှစ်အရွယ် မောင်အောင်ဇေယျတို့ သေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၂၄ ယောက်အထိ ရှိလာနေတာပါ။
ဒီပဲယင်းဒေသခံက “ဆုံးတဲ့ဦးရေက ၂၄ ဦး ရှိသွားပြီ၊ မနေ့ညနေက တဦး ဒီနေ့ တဦးပေါ့။ ရှင်းလင်းရေးကတော့ ကျနော်တို့ မလုပ်ရသေးဘူးဗျ။ ရှင်းလင်းရေး မလုပ်သေးဘူး ဆိုတာကလည်း လေယာဥ်က အဲ့နေ့က ညပိုင်းတော့ ဖြစ်တဲ့ရွာကိုတော့ မလာတော့ဘူး။ အဲဒီ ခေါင်းစုရွာကိုတော့ ဘုန်းကြီးကျောင်းကို ပစ်သွားတာ ဘုန်းကြီးကျောင်းပေါ်တော့ မကျဘူး၊ ဘုန်းကြီးကျောင်းဘေး ကျသွားတာ” လို့ ပြောပါတယ်။
မေ ၁၂ ရက်က အိန်းတိန်တွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းသားကျောင်းသူ အယောက် ၂၀ နဲ့ ဆရာမ ၂ ယောက် သေဆုံးသွားခဲ့ပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒီပဲယင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က DVB ကို ပြောပါတယ်။
မေ ၁၃ နဲ့ ၁၄ ရက်မှာ ဒဏ်ရာရတဲ့သူထဲက ကလေးငယ် ၂ ယောက် ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူ ၂၄ ယောက် ရှိလာနေခဲ့တာပါ။
လက်ရှိ ဒဏ်ရာရနေတဲ့သူတွေအတွက်လည်း စိုးရိမ်နေရပြီး ဆေးကုသရာမှာ ဆေးဝါးလိုအပ်ချက်တွေရှိနေလို့ တတ်နိုင်သမျှ ဝိုင်းကူကြဖို့ကိုလည်း ဒီပဲယင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“လတ်တလော ဖြစ်ထားတဲ့ အနေအထားနဲ့ ဆိုတော့ ရွာမှာရှိတဲ့ ရွာသူရွာသားတွေက မနေရဲတော့တာ။ လတ်တလော ကလေးတွေ လူနာတွေကို အဆင်ပြေသလို သင့်လျော်သလို အဲလိုနေရာတွေမှာ ကျနော်တို့ စီမံပြီးတော့ ကုသ ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ ပြီးတော့ ဆေးဝါးပေါ့လေ၊ ကျနော်တို့ဆီမှာ ဆေးဝါးက အကန့်အသတ်နဲ့ ရှိနေတယ်။ ဒါကြောင့် မလုံလောက်မှု ပြဿနာတွေလည်း ကြုံတွေ့ရတယ်။”
ဗုံးကြဲခံခဲ့ရတဲ့ စာသင်ကျောင်းဟာ NUG ရဲ့ ကြားကာလ စာသင်ကျောင်းတွေထဲက တခုဖြစ်ပြီး မနက်ခင်း စာမေးပွဲဖြေဖို့ ပြင်နေတဲ့အချိန် အခုလိုဖြစ်ရပ်ဆိုးနဲ့ ကြုံခဲ့ရတာ ဖြစ်ပါတယ်။
NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ဒီတိုက်ခိုက်မှုဟာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ကျူးလွန်တာ ဖြစ်တဲ့အတွက် အပြစ်ပေး အရေးယူနိုင်ဖို့ တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီတိုက်ခိုက်မှုကို ငြင်းဆိုထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေဖြစ်တဲ့ ရွှေဘနဲ့ ဘညွန့် တယ်လီဂရမ်တွေမှာတော့ ဒီပဲယင်းက စာသင်ကျောင်းတွေကို ဗုံးထပ်ကြဲပေးဖို့ လှုံ့ဆော်နေတာတွေ ရှိပါတယ်။
မောရစ်