
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဘော်နိုပြည်နယ်မှာ မေ ၁၂ ရက် အစောပိုင်းက နိုင်ဂျီးရီးယားစစ်တပ်ရဲ့ အခြေစိုက်စခန်းတခုကို အစ္စလာမ္မစ်လက်နက်ကိုင်တွေက ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့ ကြတယ်လို့ လုံခြုံရေးသတင်းရင်းမြစ် ၂ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အခုနှစ်အတွင်း ဘိုကိုဟာရမ်နဲ့ သူကနေ ခွဲထွက်လာတဲ့ ပြိုင်ဘက်အဖွဲ့ဖြစ်တဲ့ အနောက်အာဖရိကပြည်နယ်ရှိ အစ္စလာမ္မစ်နိုင်ငံတော် (ISWAP) အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ အရှိန်အဟုန် မြင့်လာတာကြောင့် ဂျီဟတ်ဝါဒီတွေ တကျော့ပြန် ရောက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေကြပါတယ်။
ဂျီဟတ်ဝါဒီတွေဟာ လက်နက်တပ်ဆင် ဒရုန်းတွေနဲ့ အဓိကလမ်းတွေပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ ထောင်ထားကြတဲ့ နည်းဗျူဟာတွေ သုံးလေ့ရှိကြတာပါ။
စစ်သွေးကြွတွေဟာ မော်တော်ဆိုင်ကယ်တွေ၊ သေနတ်တင် ထရပ်ကားတွေနဲ့ ရောက်ရှိလာကြပြီး ဘော်နိုပြည်နယ် မား(တ်) နယ်မြေခရိုင်ရှိ အမှတ် ၁၅၃ အထူးတပ်ဖွဲ့ တပ်ရင်းအခြေစိုက်စခန်းကို ဂရင်းနစ်စံတော်ချိန် ၂ နာရီကတည်းက ဝိုင်းရံထားခဲ့တာလို့ တိုက်ခိုက်မှုမှ လွတ်မြောက်လာသူ စစ်သားတယောက်က ပြောပါတယ်။
နိုင်ဂျီးရီးယား တပ်ဖွဲ့တွေဟာ အနီးအနား ဒိကွာခရိုင်ရှိ ပိုကြီးမားတဲ့ အထူးတပ်မဟာ ၂၄ ကို ဆုတ်ခွာလာခဲ့ပြီး အဲဒီမှာ ပြန်လည်စုဖွဲ့ကာ အခြေစိုက်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ တန်ပြန်တိုက်ခိုက်မှုတရပ်ကို လုပ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
Source: Reuters