DVB Logo
Home
မြန်မာသတင်း
မိုးကုတ်နှင့် နောင်ချိုတွင် စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချ၊ နေအိမ် ၇ လုံးပျက်စီး
DVB
·
May 14, 2025
မိုးကုတ်နှင့် နောင်ချိုတွင် စစ်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချ၊ နေအိမ် ၇ လုံးပျက်စီး
Donate to DVB

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွေမှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)  ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

မေ ၁၃ ရက် ည ၉ နာရီခွဲလောက်မှာ  TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ နယ်မြေ ၁၀ စျေးရပ်ကွက်ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးတလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် ၇ လုံး ထိမှန်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့က ရွှေလိပ်ပြာဟိုတယ် အနီးတဝိုက်ကိုလည်း မေ ၁၃ ရက် ည ၁၁ နာရီ ၄၉ မိနစ်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ တကြိမ် လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က မေ ၁၂ ရက် ညကလည်း မန်တုံမြို့နဲ့ မိုင်းငေါ့မြို့တွေကို ဂျက်ဖိုက်တာနဲ့ ဗုံးလာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မန်တုံမြို့ကို ဗုံးလာရောက်ကြဲချ တိုက်ခိုက်မှုကြောင့် ပြည်သူတယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ့နေအိမ် ၂၇ လုံးလည်း ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ TNLA က ပြောပါတယ်။

ဒါ့အပြင် မိုင်းငေါ့မြို့ တာလုံရပ်ကွက်က စာသင်ကျောင်းအနီးမှာလည်း ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် ဗုံး ၄ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ ထိုးစစ်တွေကို ပြုလုပ်မှာမဟုတ်ဘဲ တဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ် တလ သက်တမ်းထပ်တိုးကြောင်း မေ ၁ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။

စစ်ကောင်စီတပ်က မေ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲရေး သက်တမ်း တလ ထပ်တိုးထားပေမဲ့ မြေပြင်ထိုးစစ်ဆင်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းတွေ လေကြောင်းတွေနဲ့ နေ့စဉ်အသုံးပြု တိုက်ခိုက်နေပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်က အပစ်ရပ်သက်တမ်း တလတိုးထားပေမဲ့ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိလာတဲ့အတွက် စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်ကနေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့ လိုအပ်တယ်လို့ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013