
စီရော်နယ်ဒိုရဲ့ သားဖြစ်သူ ရော်နယ်ဒိုဂျူနီယာရဲ့ နိုင်ငံတကာပွဲဦးထွက်ပွဲစဉ်ကို မန်ယူအသင်း ကင်းထောက်တယောက် သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဂျူနီယာဟာ ပေါ်တူဂီ ယူ-၁၅ လူငယ်လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် မန်ယူအသင်း အပါအဝင် ဥရောပထိပ်တန်းကလပ်တွေက ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်စေခဲ့တာပါ။
ခရိုအေးရှားမှာ ကျင်းပတဲ့ လူငယ်ဖိတ်ခေါ်ပြိုင်ပွဲမှာ ပေါ်တူဂီ ယူ-၁၅ အသင်းက ဂျပန်အသင်းနဲ့ စတင်ကစားခဲ့ပြီး ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဖခင်ဖြစ်သူလိုပဲ ကျောနံပါတ် ၇ ဝတ်ဆင်ခွင့်ရခဲ့တဲ့ ရော်နယ်ဒိုဂျူနီယာဟာ ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ပေမဲ့ ပွဲချိန် ၅၄ မိနစ်မှာ လူစားဝင်ကစားခဲ့တာပါ။
သားဖြစ်သူရဲ့ လူငယ်လက်ရွေးစင် ပွဲဦးထွက်ကစားနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူဝမ်းမြောက်မိကြောင်း စီရော်နယ်ဒိုက ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။
အသက် ၁၄ နှစ်ရှိ ရော်နယ်ဒိုဂျူနီယာဟာ လက်ရှိအချိန် အယ်လ်နာဆာလူငယ်အသင်းမှာ ပါဝင်ကစားနေပြီး အနာဂတ်မှာ ထိပ်တန်းကလပ်တွေက ခေါ်ယူလာဖို့ ကြိုးပမ်းလာနိုင်ပါတယ်။