DVB Logo
Home
မြန်မာသတင်း
ချောင်းဦးတွင် စစ်တပ်က မသန်စွမ်းအမျိုးသား ၁ ဦးကို သတ်ပြီး ရွာသား ၄၀ ခန့် ဖမ်းဆီး
DVB
·
May 14, 2025
ချောင်းဦးတွင် စစ်တပ်က မသန်စွမ်းအမျိုးသား ၁ ဦးကို သတ်ပြီး ရွာသား ၄၀ ခန့် ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ၊ ရပ်သာရပ်ကွက်အတွင်းကို မေ ၁၃ ရက် ည ၈ နာရီခွဲမှာ စစ်ကောင်စီတပ်က အကြောင်းမဲ့ စီးနင်းဝင်မွှေ လုယက် သောင်းကျန်း ပြီးနောက် အသက် ၃၀ ကျော် အမြင်အာရုံမသန်စွမ်း လူငယ်တယောက်ကို ပစ်သတ်ပြီး အမျိုးသား အယောက် ၄၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ ချောင်းဦးမြို့ကနေ စစ်ကားတွေနဲ့ အင်အားအလုံးအရင်း အသုံးပြုကာ လာရောက်ဖမ်းဆီးသွားတာလို့လည်း သိရပါတယ်။

ခင်မွန်ရွာသူတယောက်က “ရွာဝင်ဝင်ချင်း လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ဝင်လာတာ။ နောက်ပြီးတော့ တွေ့သမျှ ယောက်ျား‌တိုင်းကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတယ်ရှင့်။ သူတို့ဖမ်းသွားတာ အယောက် ၄၀ ရှိမယ်။ အရပ်သားတွေပါ။ သူတို့ ပေါ်တာဆွဲတာလား မသိဘူး။ အဲဒီလိုဖမ်းဆီးပြီး မှန်လုံကားတစီးကို ချောဆွဲပြီး အကုန်ဖမ်းသွားတာ။ ဖမ်းဆီးတဲ့ အမျိုးသားထဲက အသက် ၃၀ ဝန်းကျင်ရှိတဲ့ ဇင်ကိုဝင်း ဆိုတဲ့ ကလေးတယောက်ကို ပစ်သတ်ထားခဲ့တယ်။ အဲဒီကလေးက မျက်စိသိပ်မကောင်းဘူး။ မျက်စိမသန်စွမ်းပေါ့” လို့ ပြောပါတယ်။

အိမ်ခြေ ၁,၅၀၀ ဝန်းကျင်ရှိတဲ့ ခင်မွန်ရွာကို အင်အားအများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် ဒေသခံပြည်သူတွေ ကြောက်လန့်နေကြပြီး တချို့မိသားစုဝင်တွေဆို နေရပ်စွန့်ခွာ ပြောင်းရွှေ့နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “ခင်မွန်ရွာကို မနေ့ညက စခတွေ ဝင်ရောက်ပြီး အရပ်သားတဦးကို ပစ်သတ်ပြီး အမျိုးသား ၄၀ ကို ဖမ်းဆီးတယ်ဆိုတဲ့ သတင်းက မှန်တယ်ဗျ။ မူးရူးသောက်စားပြီး တွေ့ရာဖမ်းမယ်၊ ပုဒ်မအမျိုးမျိုး တပ်မယ်၊ ငွေညှစ်ပြီး ပြန်အရွေးခိုင်းမယ်။ မရွေးနိုင်တဲ့သူ စစ်ထဲထည့်မယ်။ ဒါ သူတို့လုပ်ရိုးလုပ်စဉ်ပဲလေ။ သူတို့ ဖမ်းဆီးသွားတဲ့အထဲမှာ ကျနော်တို့ တော်လှန်ရေးရဲဘော် တယောက်မှ မပါဘူး။ အားလုံးက အရပ်သားတွေကို ဖမ်းဆီးသွားတာပါ” လို့ ပြောပါတယ်။

ခင်မွန်ရွာကို စစ်တပ်က ၂၀၂၃ ခုနှစ် မတ် ၃ ရက်ကလည်း အခုလို ဝင်ရောက်စီးနင်း ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သား ၃ ယောက် သေဆုံးခဲ့ရကာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွာကိုပါ မီးရှို့ခဲ့တာကြောင့် အိမ် ၅၀ ကျော် မီးလောင်ခဲ့သေးတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013