
ရှမ်းပြည်နယ်ရဲ့မြို့တော်၊ တောင်ကြီးမှာ ဆိုင်ကယ်သူခိုးတွေက နည်းလမ်းမျိုးစုံနဲ့ ခိုးယူနေကြပြီး လူမိချိန်မှာ အခိုးခံရသူပုံစံမျိုးနဲ့ ပြန်လိမ်တာတွေ ရှိနေတယ်လို့ ဖြစ်စဥ်ကိုသိသူက ပြောပါတယ်။
အမျိုးသမီးငယ်တယောက်က မေ ၁၀ ရက် ညနေမှာ သွားဆေးခန်းကိုသွားပြီး ဆိုင်ကယ်ကို ဆေးခန်းရှေ့ ရပ်ထားချိန် အသက်ကြီးအရွယ်အမျိုးသား ၂ ယောက်က ဆိုင်ကယ်ကို သူတို့မှာ ပါလာတဲ့ သော့(သို့) ပစ္စည်းတခုခုနဲ့ ဖွင့်နေလို့ ပိုင်ရှင်မိန်းကလေးက မြင်ပြီး ကိုယ်ပိုင်ဆိုင်ကယ်ကို ဘာလုပ်တာလဲဆိုပြီး မေးတော့ သူတို့ဆိုင်ကယ်လည်း ခိုးခံရတယ်ဆိုပြီး ပြောတယ်လို့ သိရပါတယ်။
အမျိုးသမီးငယ်နဲ့ အပြန်အလှန်စကားများပြီး သူစိမ်း ၂ ယောက်က အမျိုးသမီးငယ်ကို ပိုင်ဆိုင်ကြောင်း အထောက်အထားပြ ဆိုပြီး နေအိမ်ထဲထိ လိုက်လာတယ်လို့ ဆိုပါတယ်။
နေအိမ်ရောက်ချိန် ဆိုင်ကယ်ဝယ်ထားတဲ့ သက်သေအထောက်အထားတွေကို ပြပြီး မိသားစုဝင်တွေက သူစိမ်း ၂ ယောက်ကို သူတို့ဆိုင်ကယ်ဆိုရင် ဝယ်ထားတဲ့ အထောက်အထားပြလို့ ပြန်ပြောချိန်မှာတော့ ဝေ့လည်ကြောင်ပတ်နဲ့ ပြန်ထွက်သွားတယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကိုသိသူ တယောက်က “အိမ်ထဲထိကို ဝင်လာသေးတာ၊ အခုထိတော့ ပြန်မလာဘူး၊ ဘေးကင်းပါတယ်”လို့ ပြောပါတယ်။
မေလ ၁၁ ရက်နေ့ကလည်း ဘုရားဖြူက မုန့်ဆိုင်ရှေ့မှာ မုန့်လာဝယ်တဲ့ ကလေးတွေရဲ့ ဆိုင်ကယ်ကို သူခိုးတွေက သူတို့ဆိုင်ကယ်ပါဆိုပြီး သော့ဖွင့်ပြီး မောင်းပြေးသွားတယ်လို့ သိရပါတယ်။
မေ ၆ ရက်မှာလည်း ဟဲဟိုးတောင်ပေါ်အကျော်နားမှာ ယာဉ်ထိန်းရဲ ဝတ်စုံနဲ့ အမျိုးသား တယောက်၊ အနက်ဝတ်စုံနဲ့ လူ ၂ ယောက်က Hijet ကားကိုတားပြီး Viber ၊ Tiktokနဲ့ တခြား app အပြင် ကားနဲ့ပတ်သတ်တဲ့ အချက်အလက်တွေလည်း စစ်ရင်း စီမံကိန်းနဲ့စစ်တယ်ဆိုပြီး မသမာသူတွေက ဟန်ဆောင်လိမ်လည်ပြီး ကားကို အပြီးသိမ်းသွားမယ်ဆိုပြီး ယူသွားခဲ့ပါသေးတယ်။