DVB Logo
Home
မြန်မာသတင်း
ဝက်လက်နှင့် ရွှေဘိုတွင် စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး
DVB
·
May 14, 2025
ဝက်လက်နှင့် ရွှေဘိုတွင် စစ်တပ် ဗုံးကြဲ၊ ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ ရွှေဘိုမြို့နယ်တွေထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်က မေ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၂ ယောက်နဲ့ တိရစ္ဆာန်တချို့ သေဆုံးခဲ့သလို လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ Wetlet Information Network ကနေ သိရပါတယ်။

Wetlet Information Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက “တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်ဖိုက်တာက ညနေ ၄ နာရီလောက်မှာ မိနစ်ပိုင်းပဲခြားပြီး ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းက စခန်းသာရွာနဲ့ ရွှေဘိုနယ် အရှေ့တောင်ခြမ်းက ငါးပိအိုးရွာတွေပေါ်ကို ဗုံးတလုံးစီ ကြဲချသွားတာပါ” လို့ ပြောပါတယ်။

အဆိုပါ ဗုံးကြဲခံရတာကြောင့် စခန်းသာကျေးရွာက အသက် ၂၀ အရွယ် အမျိုးသား ကိုအောင်လှိုင်ဝင်းနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး ‌မယဉ်ယဉ်တို့  သေဆုံးခဲ့သလို နွား ၂ ကောင်လည်း သေဆုံးပြီး ဒေသခံပြည်သူ ၇ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကာ နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ရွှေဘိုနယ်ထဲက ငါးပိအိုးကျေးရွာရဲ့ ထိခိုက်ပျက်စီးတဲ့ အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။

ဝက်လက်မြို့နယ် ပကဖ တာဝန်ခံ ကိုကျော်ကြီးက “သူတို့နဲ့ မြေပြင်မှာ တိုက်ပွဲမရှိပါဘူးဗျာ။ အဲဒီ စခန်းသာရွာမှာ တော်လှန်ရေးရဲဘော်တွေလည်း အခြေချနေတာ မရှိဘဲ သက်သက်မဲ့ ကြဲသွားတာပါ။ စစ်တပ်က ပြည်သူအပေါ် ယုတ်မာမှုကတော့ အတော့်ကို ကမ်းကုန်နေပြီလို့ပဲ ပြောရမယ်။ သူတို့ဘက်က ဒီလကုန်အထိ အပစ်ရပ်ထားတယ်လို့ ကြေညာထားပြီးတော့ ပြည်သူကို အကြောင်းမဲ့ ပစ်မှတ်ထားပြီး လေကြောင်းကနေ သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ပေးပို့ အချိန်တန်ပြီလို့ပဲ ပြောချင်တယ်။ နောက်ထပ်လည်း အပြစ်မဲ့တဲ့ ပြည်သူတွေ အသေမခံနိုင်တော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၁၀ ရက် ညနေပိုင်းကလည်း ဝက်လက်မြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ရွာတော်ကုန်းကျေးရွာထဲကို မိတ္ထီလာလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်မှာ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချသွားခဲ့လို့ အမျိုးသားနဲ့ အမျိုးသမီး ၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၆ ရက်ကနေ ၃၁ ရက်အထိ အပစ်အခတ်ရပ်စဲရေးကာလအဖြစ် တတိယအကြိမ်အဖြစ် ထပ်မံသက်တမ်းတိုးထားပေမဲ့ ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကတော့ နေ့စဥ်နဲ့အမျှ ဆက်လက်လုပ်ဆောင်နေလို့ အပြစ်မဲ့ ပြည်သူတွေ သေဆုံးဒဏ်ရာရနေကြပါတယ်။

ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို မဖြစ်မနေ ပြုလုပ်ထားကြဖို့လည်း စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013