
ရှမ်းပြည်နယ်မြောက် လားရှိုးမြို့က လားရှိုးလေဆိပ်ကို စစ်ကောင်စီဘက်က ပြန်လည်ပြင်ဆင်နေပြီဖြစ်တာကြောင့် မကြာခင်ရက်ပိုင်းထဲ ပြေးဆွဲသွားဖို့ အခြေအနေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးမြို့ဒေသခံတယောက်က “သူတို့ပြုပြင်မွန်းမံတာ ကျနော်တို့ မြင်တယ်။ လေယာဉ်လမ်းတွေကော၊ လေယာဉ်ကွင်းထဲက နားနေဆောင်ကအစ ပြန်ပြုပြင်နေတာတော့ တွေ့တယ်။ လေယာဉ်ပြေးဆွဲတာတော့ မသိသေးဘူးနော်” လို့ DVB ကို ပြောပါတယ်။
ဒါ့အပြင် လားရှိုးလေဆိပ် အဝင်အပါအဝင် အဆောက်အအုံတွေကိုလည်း ပြန်လည် ပြုပြင်နေပြီး ချုံတွေကိုလည်း ရှင်းလင်းထားပြီးဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
MNDAA ရဲ့ လားရှိးမြို့သိမ်းတိုက်ပွဲကြောင့် ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ပထမပတ်ထဲမှာပဲ အဲဒီလေဆိပ်ကို လေယာဉ် ပြေးဆွဲတာတွေ ရပ်နားလိုက်ရတာပါ။
တိုက်ပွဲကာလမှာတော့ လားရှိုးလေဆိပ်က Control Tower ပျက်စီးပြီး လေယာဉ်ပြေးလမ်းကတော့ အနည်းငယ်ပဲ ပျက်စီးခဲ့တယ်လို့ MNDAA စစ်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလက အဲဒီလားရှိုးလေယာဉ်ကွင်းကနေ ခရီးသည်တင်လေယာဉ်တွေနဲ့ စစ်ကောင်စီတပ်သားတွေ မိသားစုဝင်တွေနဲ့ လက်နက်ခဲယမ်းတွေကို ပို့ဆောင်ပေးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
MNDAA ဟာ လားရှိုးမြို့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂၅ ရက်မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တရုတ်ရဲ့ ဖိအာတွေကြောင့် ဒီနှစ် ဧပြ ၂၁ ရက်မှာ လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာပေးလိုက်ရပါတယ်။
PHOTO - CJ