DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်၊ အပြစ်ပေးအရေးယူနိုင်ရန် လုပ်မည်ဟု NUG ပြော
DVB
·
May 13, 2025
စာသင်ကျောင်းတိုက်ခိုက်မှု စစ်ရာဇဝတ်မှုဖြစ်၊ အပြစ်ပေးအရေးယူနိုင်ရန် လုပ်မည်ဟု NUG ပြော
Donate to DVB

ဒီပဲယင်းမြို့နယ်က စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်တာဟာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ကျူးလွန်တာဖြစ်ပြီး စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေး အရေးယူနိုင်ဖို့ အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို မေ ၁၂ ရက် မနက် ၉ နာရီ ၃၅ မိနစ်မှာ စစ်ကောင်စီတပ်က မိတ္ထီလာ ရှမ်းတဲလေတပ်က တက်တဲ့ ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ အိုးတိန်တွင်း မြောက်ရွာနဲ့ တောင်ရွာ အကြားမှာ တည်ရှိပြီး ကလေးတွေ အတန်းတင်စာမေးပွဲ ဖြေဆိုဖို့ ပြင်ဆင်နေချိန်မှာ ဗုံးကြဲ တိုက်ခိုက်ခံခဲ့ရတာပါ။

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျောင်းရဲ့ စာသင်ဆောင် ၄ ဆောင်လုံး ပျက်စီးခဲ့ပြီး ဆရာမ ၂ ယောက် အပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကျောင်းသား ကျောင်းသူတွေနဲ့ ပြည်သူ ၅၀ ကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူတွေထဲက ၃၀ ကျော် ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေ ရှိနေတယ်လို့ သိရပါတယ်။

CDM ဆရာမ ဒေါ်ရတီအုန်းက “ဖြစ်ပွားတဲ့နေရာကို ဖြစ်ပွားပြီးတော့ ၃ နာရီလောက်ကြာမှ ကျမတို့ ရောက်သွားတယ်။ တကျောင်းလုံးပျက်စီးနေတဲ့၊ အမိုးတွေ ပွင့်ထွက်နေတဲ့၊ လက်နက်မှန်ထားတဲ့ အစအနတွေနဲ့ ပွင့်ထွက်နေတယ်။ နောက်တခါ သွေးစွန်းနေတဲ့ ဖိနပ်ကလေးတွေ၊ သွေးစွန်းနေတဲ့ အင်္ကျီကလေးတွေ၊ လွယ်အိတ်၊ ကွန်ပါဘူး စာအုပ် အဲဒါလေးတွေ တွေ့တယ်။ အတန်းဖော်သူငယ်ချင်းက ကွယ်လွန်သွားလို့ ငိုကျွေးနေတဲ့ ကျောင်းသားတွေရယ်၊ သားသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ဟိုရှာဒီရှာ လိုက်ရှာနေတဲ့ မိဘတွေရယ်ကို တွေ့ခဲ့ရပါတယ်” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့်  ခန္ဓာကိုယ်အစိတ်အပိုင်း ပျက်စီးသွားတဲ့ ကလေးငယ်တွေကို မေ ၁၂ ရက် ညနေပိုင်းမှာပဲ  ၅ ယောက်၊ ၃ ယောက်၊  ၂ ယောက် ပေါင်းကာ မြေမြှုပ် သင်္ဂြိုဟ်လိုက်ရပြီး အလောင်းမပျက်စီးသေးတဲ့ ကလေးတချို့ကိုတော့ နာရေးမလုပ်ရသေးဘူးလို့ ရွာခံတွေက ပြောပါတယ်။

အိုးတိန်တွင်းရွာခံ သူနာပြုဆရာမက “သေဆုံးတဲ့သူက ၂၄ ယောက်ရှင့်၊ ထပ်တိုးတာက ၂ ယောက်နဲ့။ အခုလက်ရှိက ရွာထဲက တရွာလုံးလိုလို ဖြစ်ကြတာဆိုတော့ ရွာထဲက မိသားစုဝင်တွေက မစားမသောက်ပေါ့။ အဲဒါကြောင့် သူတို့ မိသားစုဝင်တွေ စောင့်ရှောက်တာနဲ့ တခြားဒဏ်ရာရတဲ့ ဒီဘက်မှာပဲ လုပ်လို့ရတဲ့ ဒဏ်ရာလေးတွေ လုပ်ပေးနေတာပါ။ လူနာကတော့ သိပ်မပြတ်ဘူး၊ ရွာက တရွာလုံးလိုလို ကလေးတွေက တချို့အိမ်တွေဆို မောင်နှမ ၂ ယောက်၊ တချို့အိမ်တွေဆို ညီအစ်ကို  ၂ ယောက်၊ မောင်နှမ ၂ ယောက် အဲ့လိုတွေပါတာဆိုတော့ တရွာလုံးကတော့ ဒုက္ခရောက်နေတယ် ခါတိုင်းနဲ့ မတူဘူး” လို့ ပြောပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့လည်း ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေး စတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထားပြီး စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက “၂၀၂၅ နောက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ အထူးသဖြင့် ဆေးရုံ ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုဆိုးဝါးလာပါတယ်။ အထူးသဖြင့် ငလျင်ဒဏ်အပြီးမှာ  အပစ်အခတ်ရပ်စဲရေးတွေ လုပ်ဆောင်ပါတယ်လို့ ကြွေးကြော်ပြီး ကမ္ဘာကို မျက်စိလှည့် လိမ်ညာဖို့ ကြိုးစားနေတဲ့ကာလမှာ အခုလိုမျိုး ဒီပဲယင်းကိစ္စပေါ်လာချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စိတ်ရင်းစေတနာကို ဖော်ပြရာလည်းရောက်တယ်။ ကမ္ဘာကို လိမ်ညာမခံဖို့ ကလေးတွေရဲ့အသက်နဲ့ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်း စစ်ကောင်စီက နိုင်ငံနေရာအနှံ့ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၄,၉၈၅ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၄,၆၂၇ ယောက် သေဆုံးခဲ့တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က မေ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013