
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း မေလ ဒုတိယအပတ်မှာ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်တပ်တွေက စစ်ကောင်စီရဲ့ အမြောက်တပ် ၃၄၄ ကာကင်း တချို့ကို ဝင်ရောက်တိုက်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ကလည်း အမြောက်တပ်ဝန်းကျင် ရခိုင်ရိုးမနဲ့ ဆက်စပ်တဲ့ နေရာတွေမှာ နေ့တိုင်းစစ်ကြောင်းထိုးနေတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ထဲက ပုသိမ်-မုံရွာလမ်းတလျှောက်တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး မေလ ဒုတိယအပတ်မှာတော့ AA နဲ့ပူးပေါင်းတပ်တွေက ရေကြည်မြို့နယ်ထဲ၊ ရိုးမဝန်းကျင်မှာရှိတဲ့ အမတ ၃၄၄ ရဲ့ ကာကင်းတချို့ကို ဝင်တိုက်ခဲ့တာပါ။
ဒါကြောင့် မေ ၁၁ ရက် ညပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့ကာ စစ်တပ်က ဂျက်လေယာဉ်တွေသုံးပြီး ဗုံးအလုံးရေ ဆယ်နဲ့ချီကြဲချခဲ့တဲ့နောက်ပိုင်း တိုက်ပွဲသံမကြားရပေမဲ့ စစ်ကြောင်းထိုးမှုတွေဆက်ရှိနေတယ်လို့ ရေကြည်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“အဲဒါပြီးရင် ၃၄၄ ရဲ့ ရှေ့အခြမ်းမှာ သူတို့ကာကင်းစခန်း အသစ်တခု ထပ်ပြီးတော့ လုပ်နေတာရှိတယ်။ ကွင်းချောင်းပေါ့။ အဲဒါပြီးရင် မြောက်စမ်းတို့၊ တောင်စမ်းတို့၊ ရေစမ်းတို့ အဲဘက်တွေက ရွာတွေကိုတော့ သူတို့ရှောင်ခိုင်းတဲ့ အနေအထားတွေမှာတော့ရှိတယ်။ ဟိုဘက်ကလည်း ရှောင်ခိုင်းတယ်၊ ဒီဘက်ကလည်း ရှောင်ခိုင်းတယ်။ တိုက်ပွဲကတော့ ဘာပဲပြောပြော အရင်ကတော့ အဲဘက်တွေမှာ မဖြစ်ဘူးပေါ့။ အခုနောက်ပိုင်းမှာ အဲဘက်တောစပ်တွေမှာ တိုက်ပွဲတွေက အဲလို အနည်းအပါး ဖြစ်လာတဲ့ပုံစံတော့ရှိတယ်။ အမြောက်တပ် ဒီ ၃၄၄ ပတ်လည်မှာ ဖြစ်နေတဲ့တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ဖြစ်တာက လောလောဆယ် ၃ ကြိမ်ပေါ။”
ဒါကြောင့် စစ်မျက်နှာ ထပ်မံကျယ်ပြန့်လာတဲ့သဘောဖြစ်ပြီး စစ်တပ်က ရခိုင်ရိုးမနဲ့ ဆက်စပ်နေတဲ့ ကျေးရွာတွေမှာ ရွာတံခါးတပ်ခိုင်းတာ၊ လူစိမ်းဝင်ရင် အကြောင်းကြားခိုင်းတာနဲ့ စွပ်စွဲဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ဒေသခံက ဆိုပါတယ်။
အမြောက်တပ် ၃၄၄ တပ်ရင်းထဲမှာလည်း ကတုပ်ကျွင်းနဲ့ ဘန်ကာတွေကို ထပ်ပြီးပြင်ဆင်မှုတွေ လုပ်ထားသလို လူသူ၊ လက်နက်အင်အားဖြည့်ပြီး တပ်ရင်းဝန်းကျင်နေရာ အတော်များများမှာ စစ်ကြောင်းထိုးတာ၊ ကင်းပုန်းဝပ်တာတွေရှိလို့ စစ်ရေးဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။
စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က “ဒီမိုးမကုန်ခင်၊ မိုးမကျခင်လောက်ရင်တော့ မြောက်စမ်းအမြောက်တပ်ကို သိမ်းနိုင်မယ့် စီမံချက်တွေ ရေးဆွဲထားတဲ့ပုံ ရှိတယ်လို့လည်း ယူဆရပါတယ်ဗျ။ မြစ်ဝကျွန်းပေါ်ဒေသဘက်ကို ရောက်လာတဲ့အခါမှာကျတော့ သူတို့ရဲ့ လှုပ်ရှားမှု သတင်းတွေက ရန်သူ စကစ ဘက်က တကွက်ကြိုပြီးသိနေတဲ့ အနေအထားမျိုးတွေနဲ့ ရင်ဆိုင်နေရလို့ ဒါ ကြန့်ကြာနေရတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
စစ်တပ်က သူတို့တပ်ရင်းဌာနချုပ်ဝန်းကျင်မှာ မိုင်းထောင်တာရှိသလို လမ်းပိုင်းတချို့ကိုပိတ်ထားပြီး ရေနံ့သာစစ်ဆေးရေးဂိတ်ဝန်းကျင်မှာလည်း နေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒ့ါအပြင် အဲဒီဂိတ်ကနေ ဆန်၊ စက်သုံးဆီ၊ ဆေးဝါးနဲ့ လျှပ်စစ်ပစ္စည်းအပါအဝင် ကုန် အဝင်၊ အထွက်တွေကို ကန့်သတ်နေတာကြောင့် ငွေကြေးတက်နိုင်တဲ့ ဒေသခံအများစုက တခြားနေရာတွေကို စစ်ရှောင်နေပေမဲ့ အများစုကတော့ မိမိနေရပ်မှာပဲ ဆက်လက်နေထိုင်ကြပါတယ်။
တိုက်ပွဲတွေလည်း တဖြည်းဖြည်းနီးကပ်လာတာကြောင့် ရိုးမနဲ့ မနီးမဝေးက ကျေးရွာတွေမှာ နေထိုင်ကြ ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်။
စိုးသူအောင်