Home
ဆောင်းပါး
ကမ္ဘာကို ထပ်လိမ်လို့မရအောင် အိုးတိန်တွင်းက ကလေးတွေအသက်နဲ့ သတင်းစကားပါးလိုက်ရတယ်
DVB
·
May 13, 2025

မေလရဲ့ နွေအပူအောက်မှာ တန်းစီနေတဲ့ အဖြူအစိမ်းဝတ် ကျောင်းသူကျောင်းသား ကလေးငယ်တွေရဲ့ အလောင်းတွေက မြင်ရသူရင်ထဲ ကြေကွဲစရာ မြင်ကွင်းတခုပါ။

“ငါ့သမီးတွေကို ပုံရိုက်ရအောင် ဖုန်းယူခဲ့ပါ” ဆိုပြီး သမီးငယ်တွေရဲ့ အသက်မဲ့အလောင်းကို နောက်ဆုံးမှတ်တမ်းတင်ဖို့ ငိုကြွေးနေတဲ့ ရုပ်သံထဲက မိခင်တဦးရဲ့ ရင်ထဲက ပရိဒေဝအပူမီးကတော့ နွေအပူထက် အဆပေါင်းများစွာ ပိုပြင်းထန်မှာ အသေချာပါပဲ။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းက အိုးတိန်တွင်းမြောက်ရွာနဲ့ တောင်ရွာကြားက စာသင်ကျောင်းကို စစ်ကောင်စီတပ်က မေလ ၁၂ ရက်နေ့ မနက် ၉ နာရီ ၄၀ ဝန်းကျင်မှာ မိတ္ထီလာ ရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

ကလေးငယ်တွေ စာသင်ကြားချိန် ရုတ်တရက် ကျောင်းခေါင်မိုးကိုကနေ ကြဲချလာတဲ့ဗုံးကြောင့် အိုးတိန်တွင်းရွာက အထက်တန်းကျောင်းရဲ့ စာသင်ဆောင် ၄ ဆောင်လုံး ပျက်စီးခဲ့ပြီး ဆရာမ ၂ ယောက် အပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၂ ယောက် သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ ကလေးငယ်တွေမှာ အသက်အငယ်ဆုံး ၆ နှစ်ကစလို့ ၁၁ တန်း ကလေးငယ်တွေအထိ ပါဝင်ပြီး ဆရာ၊ ဆရာမတွေကတော့ အသက် ၂၃ နှစ်ဝန်းကျင်တွေ ဖြစ်တယ်လို့ ဒေသခံတွေ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်တွေထဲမှာ တချို့ကလေးငယ်တွေက ညီအမ၊ မောင်နှမတွေ ပါဝင်ပါတယ်။ တချို့သော မိသားစုဝင်တွေ အဖို့တော့ သားသမီးတွေအားလုံးကို တပြိုင်တည်း ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။

စစ်လေယာဉ်အောက်မှာ ပျောက်ကွယ်သွားတဲ့ ဘောလုံးသမားအိပ်မက်

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ်တွေထဲက တချို့ဟာ ရုပ်ပျက်ဆင်းပျက် အနေအထားနဲ့ သေဆုံးခဲ့ကြတာဖြစ်သလို တချို့ကတော့ တစစီပြန်ကောက်ရတဲ့အထိ အဖြစ်ဆိုးခဲ့ကြပါတယ်။ ဒါကြောင့် မိသားစုတွေက မေလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာပဲ ကလေးငယ်တွေကို သင်္ဂြိုဟ်ခဲ့ကြပါတယ်။ နာရေးအခမ်းအနားမှာ ဘောလုံးအင်္ကျီနဲ့ မြင်ရတဲ့ အသက် ၁၀ နှစ်ဝန်းကျင် ကလေးငယ်လေးကတော့ အသက် ၆ နှစ်အရွယ် ညီမလေးနဲ့အတူ မောင်နှမနှစ်ဦးလုံး သေဆုံးခဲ့ကြတာလို့ မိသားစုဝင်တဦးက ပြောပြပါတယ်။

သူတို့ မောင်နှမနှစ်ယောက်လုံး မကြာခင် ရှင်ပြုအလှူလုပ်နိုင်ဖို့ မိဘတွေကရော အဝေးရောက် မိသားစုတွေကပါ ကြိုးစားနေကြချိန်မှာ အခုလိုဖြစ်ရပ်ဆိုးနဲ့ ကြုံခဲ့ရတာလို့ ဆိုပါတယ်။

“ကလေးတွေကို ရှင်ပြုအလှူပေးတော့မှာလေ၊ အကုန်လုံးတောင် လုပ်ပြီးသွားပြီ၊ အခုဆုံးပါးကြတာလည်း တအိမ်တည်းကို မောင်နှမနှစ်ယောက်၊ ညီမနှစ်ယောက် အဲလိုတွေ ဖြစ်ကြတာ။ အခုလိုဖြစ်သွားတော့ ဘာမှမလုပ်ပေးနိုင်တော့ဘူး။ ကလေးတွေက ရုပ်ပျက်ဆင်းပျက် သေဆုံးကြတာ၊ တချို့ကလည်း တစစီဖြစ်ကုန်တော့၊ အဲဒီနေ့ပဲ နာရေးလုပ်လိုက်ရတယ်။ ဘောလုံးသမားကြီး သိပ်ဖြစ်ချင်တဲ့ တူလေးကိုတော့ သူသိပ်ကြိုက်တဲ့ ဘောလုံးအင်္ကျီနဲ့ပဲ သင်္ဂြိုဟ်ပေးလိုက်တယ်။ တူမလေးကိုတော့ သူသိပ်ကြိုက်တဲ့ ဂါဝန်အနီလေး ဝတ်ပေးလိုက်တယ်” လို့ အိုးတိန်တွင်းရွာမှာ သေဆုံးသွားတဲ့ မောင်နှမ ရဲ့ အဒေါ်ဖြစ်သူက DVB ကို ပြောပြပါတယ်။

နေခြည်မှာ ရွှေရည်မလောင်းနိုင်တော့တဲ့ စာသင်ကျောင်း

ပန်းကလေးတွေ ဖူးဖွင့်ရာ နေရောင်ခြည်တွေ ရွှေရည်လောင်းရာလို့ တင်စားကြတဲ့ စာသင်ကျောင်းလေးဟာ အခုတော့ ခေါင်းမိုးဟောင်းလောင်းပွင့်နေပြီး ကျိုးကျေနေတဲ့ စာသင်ခုံတွေနဲ့ မွစာကြဲခဲ့ပါတယ်။

သွေးစွန်းနေတဲ့ ကလေးငယ်တွေရဲ့ အင်္ကျီ၊ ဖိနပ်နဲ့ လွယ်အိတ်တွေ စာအုပ်တွေဆီကိုတော့ တော်လှန်ရေးကာလတလျှောက် စစ်ကိုင်းတိုင်းထဲမှာ ဘက်ပေါင်းစုံက ပါဝင်လှုပ်ရှားနေတဲ့ စီဒီအမ် ကထိက ဆရာမ ဒေါ်ရတီအုန်း နာရီပိုင်းအတွင်း သွားရောက်ခဲ့ပါတယ်။

“ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း ငါတို့စာသင်ကျောင်း’’ ဆိုတဲ့ ကဗျာလေးဟာ အခုတော့ ဗုံးမှန်တဲ့စာသင်ကျောင်း ဖြစ်သွားပြီလို့ ဒေါ်ရတီအုန်းက သေဆုံးခဲ့တဲ့ ကလေးငယ်တွေရဲ့ ကျန်ရစ်နေတဲ့ သွေးစွန်းအသုံးအဆောင်တွေနဲ့အတူ ကျောင်းရှေ့မှာ ဗီဒီယိုမှတ်တမ်းတခုရိုက်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

“ဖြစ်ပွားတဲ့နေရာကို ဖြစ်ပွားပြီးတော့ ၃ နာရီလောက်ကြာမှ ကျမတို့ ရောက်သွားတယ်။ တကျောင်းလုံး ပျက်စီးနေတဲ့ အမိုးတွေ ပွင့်ထွက်နေတဲ့ လက်နက်မှန်ထားတဲ့ အစအနတွေနဲ့ ပွင့်ထွက်နေတယ်။ နောက်တခါ သွေးစွန်းနေတဲ့ ဖိနပ်ကလေးတွေ၊ သွေးစွန်းနေတဲ့ အင်္ကျီကလေးတွေ၊ လွယ်အိတ်၊ ကွန်ပါဘူး၊ စာအုပ် အဲဒါလေးတွေ တွေ့တယ်။ အတန်းဖော်သူငယ်ချင်းက ကွယ်လွန်သွားလို့ ငိုကြွေးနေတဲ့ ကျောင်းသားတွေရယ်၊ သားသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ဟိုရှာဒီရှာ လိုက်ရှာနေတဲ့ မိဘတွေရယ်ကို တွေ့ခဲ့ရပါတယ်’’ လို့ မေလ ၁၂ ရက်နေ့က သူရောက်သွားချိန်မှာ ကြုံတွေ့ခဲ့ရတဲ့ အိုးတိန်တွင်းရွာ အခြေအနေကို ပြောပြပါတယ်။

ကျန်ရစ်သူမိဘတွေရဲ့ ဆောက်တည်ရာမရတဲ့ အခြေအနေတွေကိုလည်း ကြေကွဲစွာ မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“နာရေးကတော့ တယောက်တကျင်း ပုံစံမျိုး မဟုတ်ဘဲနဲ့ ၅ ယောက်၊ ၃ ယောက်၊ ၂ ယောက်ပေါ့နော် အဲလိုမျိုးပေါင်းပြီးတော့ သင်္ဂြိုဟ်လိုက်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရွာလုံးက ထိခိုက်ဒဏ်ရာရတဲ့သူတွေနောက်ကို လိုက်ရတာကတမျိုး၊ ကျန်ရစ်ခဲ့တဲ့ မိဘတွေကလည်း ဆောက်တည်ရာမရ ဖြစ်နေတာက တမျိုးနဲ့ဆိုတော့ အဲလိုပဲ မြှုပ်နှံလိုက်ရတယ်။’’

နိုင်ငံတဝန်းမှာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တွေ သေဆုံးရတာ အခုတကြိမ်ဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒီပဲယင်းမြို့နယ်အတွက်တော့ ဒုတိယအကြိမ်မြောက် အိပ်မက်ဆိုးတခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းအတွင်းက ကလေးငယ် ၇ ဦး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ပါတယ်။ အခု အိုးတိန်တွင်းရွာကတော့ လက်ယက်ကုန်းရွာနဲ့ ၁၈ မိုင်ကွာတဲ့ နေရာမှာ တည်ရှိနေတဲ့ ရွာငယ်တခု ဖြစ်ပါတယ်။

လက်ယက်ကုန်း လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေနဲ့ ကလေးငယ်တွေရဲ့ အုတ်ဂူတွေ ဆေးမပြယ်လွင့်သေးခင်မှာဘဲ အိုးတိန်တွင်းရွာမှာ ဖြစ်ရပ်ဆိုးတွေ ထပ်ဖြစ်ခဲ့ပေမဲ့ အာဏာသိမ်း စစ်တပ်ကတော့ ဒီဖြစ်ရပ်နှစ်ခုလုံးကို ပြောင်ပြောင်တင်းတင်းပဲ ငြင်းဆိုခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ ကလေးငယ်တွေရဲ့ အသက်မဲ့အလောင်းတွေ၊ မိခင်တွေရဲ့ ငိုကြွေးသံတွေကို အတုအယောင်တွေ ဖြစ်တယ်လို့ စစ်တပ်လော်ဘီတချို့က ရက်စက်စွာ ဝါဒဖြန့်ချိမှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်တပ်လုပ်ရပ်ကြောင့် အစုလိုက် သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေ ပြီးတိုင်း အာဏာသိမ်းစစ်တပ်ဟာ ကာကွယ်ရေးတပ်ဖွဲ့တွေကို အပြစ်ပုံချလေ့ရှိပါတယ်။

ဆရာမ ဒေါ်ရတီအုန်းကတော့ ကျမတို့ရဲ့ ကလေးငယ်တွေ ဘယ်လောက်သေပေးမှ နိုင်ငံတကာကူညီသူတွေ အသံထွက်ပေးကြမှာလဲလို့ မေးခွန်းထုတ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ နိုင်ငံတကာပိတ်ဆို့မှုတွေကို အစဉ်တစိုက် တောင်းဆိုနေတဲ့ သွေးစွန်းငွေဖြတ်တောက်ရေး Blood Money အဖွဲ့ကတော့ မြန်မာစစ်အုပ်စုကို လေယာဉ်ဆီ၊ လေယာဉ်၊ ဗုံးတွေ ရောင်းပေးနေတဲ့ ကုမ္ပဏီတွေ၊ နည်းပညာ ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေ၊ စစ်ကောင်စီကို အရေးယူရမယ့်အစား တရားဝင်မှုပေးနေတဲ့ အာဆီယံအစိုးရတွေ၊ ထိရောက်တဲ့ ပိတ်ဆို့မှုမျိုး လုပ်နိုင်ပါလျက်နဲ့ ကြန့်ကြာနေတဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့ စာသင်ကျောင်းထဲက ကလေးငယ်တွေ အသက်ဆုံးရှုံးမှုအတွက် တာဝန်ခံရမယ်လို့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနကတော့ အိုးတိန်တွင်းရွာကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့အပေါ် စစ်ကောင်စီတပ်ကို ထိရောက်တဲ့ တားဆီးပိတ်ဆို့မှုတွေလုပ်ဖို့ နိုင်ငံတကာကို NUG ပညာရေးဝန်ကြီးဌာနက မေလ ၁၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဒီပဲယင်းမြို့နယ်မှာ စာသင်ကျောင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာမတွေ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောကြားလိုက်ပြီး ဗုံးကြဲတိုက်ခိုက်၊ လူသတ်မှုတွေ ရပ်ဖို့နဲ့ စစ်အုပ်စုကို ကူညီပံ့ပိုးပေးနေတာ ရပ်တန့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကမ္ဘာကို စစ်တပ် ထပ်မလိမ်ညာဖို့ ကလေးငယ်တွေ အသက်နဲ့ရင်းပြလိုက်တယ်

အာဏာသိမ်းစစ်ကောင်စီဟာ ငလျင်သဘာဝဘေးကြောင့် ဆိုပြီး ယာယီအပစ်ရပ်ကာလ ထုတ်ပြန်ခဲ့သလို အပစ်ရပ်သက်တမ်းလည်း ထပ်တိုးခဲ့ပါတယ်။ သဘာဝဘေးကြောင့် နိုင်ငံတကာ အကူအညီတွေ ဝင်ရောက်နေချိန်မှာ အပစ်အခတ်ရပ်စဲရေးတွေ လုပ်ဆောင်ပါတယ်လို့ ကြွေးကြော်ပြီး ကမ္ဘာကို မျက်စိလှည့် လိမ်ညာဖို့ ကြိုးစားနေခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကမ္ဘာကြီးကို စစ်တပ် ထပ်လိမ်ညာမခံဖို့ ကလေးတွေရဲ့အသက်နဲ့ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်’’ လို့ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ဖြစ်တဲ့အတွက် ရာဇဝတ်မှုကျူးလွန်သူတွေက ရှောင်ပြေးလို့မရလို့ မေ့ပျောက်ဖြစ်ဖို့၊ ဖျောက်ဖျက်ပစ်ဖို့လည်း မရတာကြောင့် တရားဥပဒေအတိုင်း နိုင်ံငံတကာခုံရုံးတွေမှာ တရားစွဲဆိုမှုတွေ လုပ်နိုင်အောင် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အနေနဲ့ အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

လက်ရှိမှတော့ အိုးတိန်တွင်းရွာကျောင်းက ခေါင်းလောင်းသံတွေ တိတ်ဆိတ်သွားခဲ့သလို စစ်တပ်ရဲ့ အကြမ်းဖက် ရက်စက်မှု ကိန်းဂဏန်းတွေလည်း ထပ်တိုးခဲ့ပါတယ်။ ဒီလိုအဖြစ်ဆိုးတွေက ဘယ်တော့များမှ ရပ်တန့်မှာပါလဲ။ 

ကလေးငယ်တွေရဲ့အသက်နဲ့ ရင်းခဲ့ရတဲ့ စစ်တပ်ရဲ့ အကြမ်းဖက်ရက်စက်မှု နောက်တခုအတွက် ကမ္ဘာကြီးရဲ့ တုံ့ပြန်သံကရော ဘယ်လိုရှိမှာပါလဲ။ 

မွန်မွန်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024