DVB Logo
Home
မြန်မာသတင်း
ဘန်ကောက် တိုက်ပြိုသည့်ထဲပါသွားသည့် မြန်မာအလုပ်သမား  ရွှေထည်များ ပြန်ရ 
DVB
·
May 13, 2025
ဘန်ကောက် တိုက်ပြိုသည့်ထဲပါသွားသည့် မြန်မာအလုပ်သမား  ရွှေထည်များ ပြန်ရ 
Donate to DVB

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကျဒူးကျတ်နယ်မြေထဲမှာ မတ်လ ၂၈ ရက်ကလှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်  ဆောက်လက်စအထပ် ၃၀ ရှိ စာရင်းစစ်ရုံး ပြိုကျပြီး သေဆုံးပျောက်ဆုံးသူတွေ ရှိသလို  ပြေးရင်းလွှားရင်း ရွှေငွေအဖိုးတန်ပစ္စည်းတွေပျောက်ဆုံးတာလည်း ရှိပါတယ် ။ 

အဲဒီထဲမှာ  မြန်မာအလုပ်သမားဇနီးမောင်နှံလည်း လက်ဝတ်လက်စားတွေ ပါသွားတာကြောင့် ဓာတ်ပုံအထောက်အထားတွေနဲ့အတူ ဧပြီ ၁၀ ရက်ကတည်းက ဘန်ဆိနယ် မြေရဲစခန်းမှာ သွားရောက်တိုင်တန်းထားခဲ့ပါတယ်။ 

မေ ၉ ရက်မှာတော့  အဆိုပါရွှေထည်ပစ္စည်းတွေ ပြန်တွေ့ပြီဖြစ်ကြောင်း ရဲစခန်းက အကြောင်း ကြားတာကြောင့် ပိုင်ရှင်ဖြစ်တဲ့ မြသော်တာ ( ၃၃ နှစ် ) နဲ့ ခင်ပွန်းဖြစ်သူ ထွန်းထွန်းဝင်း ( ၃၁ နှစ် ) တို့က ဝမ်းသာအားရနဲ့ ပြန်သွားထုတ်ယူခဲ့ကြတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ပြန်ရတဲ့ ရွှေထည်ပစ္စည်းတွေထဲမှာ ရွှေလက်စွပ် ၄ ကွင်း၊  ရွှေဆွဲကြိုး တကုံး၊  ရွှေဟန်းချိန်း တကုံး၊ ပုလဲလော့ကက်သီး တခု၊ ငါးရုပ်ရွှေလော့ကက်သီး တခုတို့ပါဝင်ပြီး စုစုပေါင်း တန်ဖိုး ဘတ် ၅၀,၀၀၀ ခန့်ရှိတယ်။ အဲဒီပစ္စည်းတွေကို ဘန်ကောက်သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့နဲ့ ရူမ့်ကသန်ဖောင်ဒေးရှင်းမှ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးလုပ်သားတွေက  ပြိုကျအဆောက်အအုံ ကားပါကင်အနီး ဇုန် B ကနေ တွေ့ရှိပြီး မေ ၉  ရက်မှာ လာရောက်အပ်နှံခဲခဲ့တာလို့  ဘန်ဆိရဲစခန်းက ပြောပါတယ်။ 

ရွှေထည်တွေပြန်ရသူ မြသော်တာက သူဟာ SA ဆောက်လုပ်ရေးကုမ္ပဏီကအလုပ်သမားဖြစ်ပြီး ဓာတ်လှေခါးအဖွင့်အပိတ်ကို တာဝန်ယူရပါတယ်၊ တိုက်ပြိုတဲ့နေ့က ပထမထပ်မှာရှိနေပြီး ငလျင် လှုပ်တော့အပြင်ကို အမြန်ပြေးထွက်လာတာ ရွေထည်တွေထည့်ထားတဲ့အိတ်ကျန်ခဲ့တယ်။ အဲဒီရွှေထည်တွေဟာ လုပ်အားခစုဆောင်းပြီး ဝယ်ထားတာမို့ အရမ်းနှမျောတယ်၊ အပျက်အစီးပုံ တွေကြားမှာ ငိုယိုရင်းလိုက်ရှာခဲ့တယ်။ အခုလို ပြန်ရတော့ အရမ်းဝမ်းသာတယ်။ ပစ္စည်းတွေ ရှာဖွေပေးတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကိုရော ရဲစခန်းကတာဝန်ရှိသူတွေကိုပါ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အထပ် ၃၀ ရှိ ဆောက်လက်စတိုက်ဟာ  ပြီးခဲ့တဲ့မတ်လ ၂၈ ရက် မြန်မာနိုင်ငံအလယ်ပိုင်းမှာ ငလျင်လှုပ်စဉ် တုန်ခါမှုကြောင့် ပြိုကျပျက်စီးသွားခဲ့တာပါ။ 

တိုက်ပြိုကျစဉ် အထဲမှာ လူပေါင်း ၁၀၉ ယောက်ရှိပြီး ရှာဖွေရေးနဲ့ အပျက်အစီးပုံ ရှင်းလင်းရေးကို ကယ်ဆယ်ရေးအဖွဲ့တွေက ရက်ပေါင်း ၄၈ ရက်ကြာ ဆောင်ရွက်ခဲ့ပါတယ်။ 

ဒဏ်ရာရသူပေါင်း ၉ ယောက် ရှိပြီး ၄ ယောက်က  အပြင်ရောက်နေတယ်၊ ရုပ်အလောင်း  ၈၉ လောင်း တွေ့ရှိတယ်၊ ၇ ယောက်ပျောက်ဆုံးနေဆဲဖြစ်တယ်၊ အရိုးအပိုင်းအစ ၂၉၆ ခုတွေ့ပြီး ပျောက်ဆုံး သူတွေဟုတ်မဟုတ် DNA ပြန်စစ်ဆေးနေတယ်လို့  ဘန်ကောက်မြို့တော်ဝန်ရုံးက ထုတ်ပြန်ပါတယ်။ 

Source:  TNN / ThaiPBS / ThaiPublica News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013