
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မှာရှိတဲ့ ကွမ်းယာဆိုင်အနီးမှာ ခရီးသွားကားတွေကို စစ်ဆေးကာ ပိုက်ဆံကောက်ခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တိုက်ခိုက်ခဲ့တဲ့ နတ်ဆိုး တော်လှန်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင် ၃ ယောက် ကျဆုံးခဲ့ရကြောင်း နတ်ဆိုးတော်လှန်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားတဲ့ မေ ၁၁ ရက် မနက် ၁၁ နာရီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးပြီး တယောက် ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဆိုပါတယ်။
မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်းမှူးက “ကျနော်တို့ရဲဘော်တွေက ရန်သူ နှစ်နေရာရှိတာကို တနေရာတည်း ဝိုင်းပစ်လိုက်တော့ တခြားနေရာက အင်အားအလုံးအရင်းနဲ့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်တာပေါ့။ မအူစစ်ဆေးရေးဂိတ်အနီးက CR 7 ကွမ်းယာဆိုင်နားမှာ ကားတွေ၊ ဆိုင်ကယ်တွေ စစ်ဆေးနေတဲ့အချိန်မှာ မစ်ရှင်လုပ်တာ၊ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က ၂ ယောက်သေတယ်၊ တယောက်တော့ ပြင်းထန်ဒဏ်ရာတွေ ရသွားပြီး ကိုယ့်ဆီက ရဲဘော်လှမျိုး၊ ရဲဘော်ညိမ်းမင်းဇော်နဲ့ ရဲဘော်ချစ်ထူးခန့် ၃ ဦး အသက်ပေးဆပ်ခဲ့ရတယ်” လို့ ပြောပါတယ်။
“မစ်ရှင်လုပ်ဆောင်ချိန်မှာ မအူဂိတ်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာ၊ အဆိုပါ CR7 ကွမ်းယာဆိုင်အနီးမှာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးက ကားတွေကို စစ်ဆေးနေတဲ့အချိန်မှာ မစ်ရှင်ဝင်လုပ်တာ၊ တခြားနေရာမှာ စစ်ရေးပစ်မှတ်တခု ရှိတာကို သတိမထားမိတာပေါ့” လို့လည်း ဆက်ပြောပါတယ်။
မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်းက မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီ ငွေကြေးကောက်တဲ့ နေရာတွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို မကြာခဏ မစ်ရှင်ဖော်ဆောင်တာတွေ ပြုလုပ်နေပြီး မတ် ၁၆ ရက်ကလည်း မုံရွာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။