
ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တပိဿာ ကျပ် ၇,၂၈၀ ကျပ်အထိရှိခဲ့တဲ့ စားအုန်းဆီ ရည်ညွှန်းဈေးက ၄ လအတွင်း တပိဿာကို ကျပ် ၆၆၀၀ လောက်ထိ ဈေးပြန်ကျလာပေမဲ့ ပြင်ပဈေးကွက်မှာတော့ ပြန်မကျသေးပဲ တပိဿာကို ကျပ် ၁၀,၀၀၀ လောက်မှာ ဆက်ရှိနေပါတယ်။
စစ်ကောင်စီလက်အောက်ခံ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက အခု မေ ၁၂ ရက်ကနေ ၁၈ ရက်အထိ ရန်ကုန်အထိုင်ဈေးအတွက် တပိဿာကို ကျပ် ၆,၆၂၀ သတ်မှတ်ထားပါတယ်။
အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ကနေ CIF စနစ်နဲ့ မြန်မာနိုင်ငံကို တင်သွင်းတဲ့စားအုန်းဆီ တတန်ဈေးနှုန်းက ၂၀၂၅ ခုနှစ် ဇန်နဝါရီလက စပြီးဆက်တိုက်ကျဆင်းခဲ့တာကြောင့် ပြည်တွင်း စားဆီအခြေခံလက်ကားဈေးနှုန်းလည်း လိုက်ပါ ကျဆင်းလာတာလို့ ကော်မတီက ဆိုပါတယ်။
ကော်မတီကထုတ်ပြန်ထားတဲ့ ရည်ညွှန်းဈေးနှုန်းထက် မြင့်တင်ရောင်းချတာ၊ ဈေးကစားဖို့သိုလှောင်တာတွေကို ပြုလုပ်ရင် “အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ”အရ အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။
အခုလို စားသုံးဆီကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူ သုံးစွဲနိုင်ဖို့ ကော်မတီက ဈေးနှုန်းထိန်းချုပ်ရေး ဆောင်ရွက်ပေမဲ့ ရန်ကုန်မြို့ရဲ့ ပြင်ပလက်လီဈေးကွက်မှာတော့ စားအုန်းဆီ တပိဿာကို ကျပ် ၁၀,၀၀၀ ဝန်းကျင်မှာပဲ ရှိနေပါတယ်။