DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်၌ ပကဖစခန်း စီးနင်းခံရပြီး ရဲဘော် ၇ ဦးနှင့် ကျောင်းသား ၄ ဦး သတ်ဖြတ်ခံရ
DVB
·
May 13, 2025
ဂန့်ဂေါမြို့နယ်၌ ပကဖစခန်း စီးနင်းခံရပြီး ရဲဘော် ၇ ဦးနှင့် ကျောင်းသား ၄ ဦး သတ်ဖြတ်ခံရ
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မေ ၁၂ ရက်၊ မနက်စော ၂ နာရီဝန်းကျင်မှာ ရပ်ကျေးပြည်သူ့ကာကွယ်ရေးစခန်းတခု စီးနင်းခံရကာ ရပ်ကျေးပကဖ ရဲဘော်တွေနဲ့ ကျောင်းသား ၄ ယောက်တို့ သတ်ဖြတ်ခံရပြီး လက်နက်ခဲယမ်းတွေလည်း ပါသွားတယ်လို့ ဂန့်ဂေါအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ဂန့်ဂေါအခြေစိုက် PDF တပ်ဖွဲ့ဝင်တယောက်က “လယ်မရွာ ရပ်ကျေးပကဖစခန်းကို ဂန့်ဂေါ ခလရ ၅၀ က အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက ရုတ်တရက် ဝင်စီးခံလိုက်ရတာပါ။ သူတို့စခန်းက အဲဒီရွာစာသင်ကျောင်းနဲ့နီးတော့ ရဲဘော်တွေနဲ့ ဆွေမျိုးသားချင်းတွေ တော်စပ်ကြတဲ့ ကျောင်းသားလေးတွေ ခဏတဖြုတ်လာနေနေကြတာရယ်ဆိုတော့ ရဲဘော် ၇ ယောက်အပြင် ကျောင်းသားလေးတွေ ၄ ယောက်၊ စုစုပေါင်း ၁၁ ယောက်က အဲဒီစခန်းနားမှာပဲ အသတ်ခံခဲ့ရပါတယ်” လို့ ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ ရပ်ကျေး ပကဖ တပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ ရဲဘော်နေလင်းဦး၊ ရဲဘော်ကျော်မြတ်သူ၊ ရဲဘော်ညီလေး၊ ရဲဘော်အောင်ကြည်မင်း၊ ရဲဘော်ဂျွန်ကိုဝင်း၊ ရဲဘော်သက်ပိုင်ဦးနဲ့ ကျော်စန်းခိုင်တို့အပြင် ကျောင်းသားတွေဖြစ်ကြတဲ့ ၇ တန်းကျောင်းသား မောင်လျှံထွန်း၊ ၈ တန်းကျောင်းသား မောင်မှိုင်းဝေ၊ ၉ တန်းကျောင်းသား မောင်မျိုးသီဟနဲ့ မောင်သီဟလင်းတို့ ဖြစ်ပါတယ်။

ဂန့်ဂေါခရိုင် ပကဖ တာဝန်ရှိသူက “ရပ်ကျေးရဲဘော်တွေနဲ့ ကျောင်းသားလေးတွေ အသတ်ခံရပြီးတော့ လက်နက်ခဲယမ်းတွေလည်း ပါသွားတယ်ဆိုတာ ဟုတ်ပါတယ်။ ဘယ်လို သတင်းပေါက်သွားပြီးတော့ စခန်းအစီးခံလိုက်ရတာလည်းဆိုတာ စုံစမ်းမှုတွေ ဆောင်ရွက်နေပါတယ်။ ရွာခံအမျိုးသား ၂၀ လောက်ကိုလည်း ဖမ်းပြီးတော့ ခလရ ၅၀ ထဲကို ပြန်ဝင်သွားကြတယ်။ အခုလောလောဆယ် အဲဒီရွာမှာ ဘယ်သူမှမရှိကြတော့ဘူး။ ထွက်ပြေးနေကြတယ်” လို့ ပြောပါတယ်။

ဂန့်ဂေါ ခလရ ၅၀ ထဲကို ဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့ ရွာသားတွေ မေ ၁၂ ရက် ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ ဂန့်ဂေါနယ်ထဲက PDF စခန်းတခုကို သတင်းအရ သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီး PDF အလောင်း ၁၃ လောင်း၊ လက်လုပ်သေနတ် ၁၄ လက်၊ M22 သေနတ် ၁ လက်၊ BA72 သေနတ် ၁ လက်၊ 12 ဗို့ သေနတ် ၁ လက်၊ စကားပြောစက် ၅ လုံး၊ M22 ကျည်ဘောက် ၂ ခု၊ BA72 ကျည်ဘောက် ၁ ခု၊ 7.62 ကျည် ၉ တောင့်၊ M22 ကျည် ၄၆ တောင့် နဲ့ 12 ဗို့ ၁၂ တောင့်တို့ သိမ်းဆည်းရခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013