DVB Logo
Home
မြန်မာသတင်း
ထိုင်းအလုပ်ရှင်ကို ပစ်သတ်ပြီး ထွက်ပြေးသွားသည့် မြန်မာအလုပ်သမား ၁ ဦး ဖမ်းမိ
DVB
·
May 13, 2025
ထိုင်းအလုပ်ရှင်ကို ပစ်သတ်ပြီး ထွက်ပြေးသွားသည့် မြန်မာအလုပ်သမား ၁ ဦး ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခဲနယ်မြေထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အသက် ၇၀ အရွယ် ထိုင်းအလုပ်ရှင်ကို သေနတ်နဲ့ပစ်ပြီး ကားကိုယူ ထွက်ပြေးလွတ်မြောက်နေတဲ့ အသက် ၂၃ နှစ်အရွယ် မြန်မာအလုပ်သမားတယောက်ကို ဖမ်းဆီးရမိပြီလို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မေ ၁၀ ရက်က လူသတ်မှု၊ လုယက်မှု၊ ယာဉ်တိုက်မှုကျူးလွန်ထားတဲ့ စိုင်းဟန်ကို ဖစ်ကဆိမ်နယ်မြေ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြီး သတင်းပေးနိုင်သူကို ဆုငွေ ဘတ် ၂၀,၀၀၀ ပေးမယ်လို့ ထုတ်ပြန်ထားတာပါ။

မနေ့ညသန်းခေါင်ကျော် မေ ၁၃ ရက် မနက်အစောပိုင်း ၀၀ နာရီ ၃၀ မိနစ်မှာတော့ ရဲတွေက  ဘန်ကောက်၊ ပရဝေ့နယ်မြေ အွန်နွတ် ၆၅ လမ်းရှိ တိုက်ခန်းတခန်းမှာ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမား စိုင်းဟန်ကို သွားဖမ်းတယ်။ အိမ်ရှင်အဖိုးကြီးရဲ့ ကား၊ သေနတ်၊ ကျည်ဆန်၊ လက်ကိုင်ဖုန်းနဲ့ မှတ်ပုံတင်ကတ်တွေကို သက်သေအဖြစ်ပါ ဖမ်းမိတယ်လို့ ဆိုပါတယ်။

သူကတော့ ပြစ်မှုကျူးလွန်ဖို့ တမင်ရည်ရွယ်ကြံစည်ထားခြင်း မရှိကြောင်း၊ အဲဒီအိမ်မှာ အိမ်ဖော်လုပ်နေတဲ့ ဇနီးကို သွားတွေ့တာမှာ အိမ်ရှင်အဘိုးကြီးက သူ့ကို သေနတ်နဲ့ရွယ်လို့ သေနတ်ကို လုယက်ကြရင်း ကျည်ဆန်ထွက်သွားတာလို့ ထွက်ဆိုပါတယ်။

ဒါပေမဲ့ ရှမ်းတိုင်းရင်းသားဖြစ်တဲ့ စိုင်းဟန်မှာ ထိုင်းစကားကို လုံးစေ့ပတ်စေ့ နားမလည်တာကြောင့် ရဲတွေရဲ့ စစ်ဆေးမေးမြန်းချက်ကို အကုန်မဖြေကြားနိုင်သေးကြောင်း၊ ဒီကနေ့ နေ့ခင်းပိုင်းမှာမှ ဘာသာပြန်ကိုခေါ်ပြီး ထပ်မံစစ်ဆေးဦးမယ်လို့ ဖစ်ကဆိမ်ရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။

စိုင်းဟန်မှာ ပြီးခဲ့တဲ့ မေ ၁၀ ရက် ညနေပိုင်းက ဘန်ခဲနယ်မြေ လတ်ဆောင်ရပ်ကွက်ရှိ သူ့မိန်းမအလုပ်လုပ်နေတဲ့အိမ်ကို တက္ကစီအငှားကားနဲ့ ရောက်လာတယ်၊ ခြံဝင်းတံခါး ပိတ်ထားတာကြောင့် သူက အုတ်တံတိုင်းအောက်မှာ ကာထားတဲ့သွပ်ပြားကို ဟပြီး တံတိုင်းကို ကျော်ဖို့ကြိုးစားတယ်၊ အိမ်နီးနားချင်းတယောက် ရောက်လာပြီး အဲသလိုမလုပ်နဲ့၊ အိမ်ရှင်ကို ဖုန်းအရင်ဆက် ခွင့်တောင်းပြီး ကောင်းကောင်းဝင်ဖို့ပြောတယ်၊ သူက နားမထောင်ဘဲ အုတ်တံတိုင်းကို အတင်းကျော်ကာ ဝင်သွားတယ်၊ သူဝင်သွားပြီး ၁၀ မိနစ်ကျော်အကြာ အိမ်ထဲက သေနတ်သံ ၂ ချက်ကြားတယ်၊ ပြီးတော့ အိမ်ရှင်ရဲ့ကားက ခြံထဲကနေ မောင်းထွက်လာတယ်၊ ကားမောင်းသူက ပိုင်ရှင်မဟုတ်ဘဲ မသင်္ကာလို့ အဆိုပါအိမ်နီးချင်းက ရဲကို ဖုန်းဆက်ခေါ်လိုက်တယ်လို့ ရဲစခန်းတာဝန်ရှိသူက ပြောပါတယ်။

ရဲတွေရောက်လာတော့ အိမ်ရှင်အဘိုးကြီးမှာ သေနတ်ဒဏ်ရာ ၂ ချက်နဲ့ လဲကျသေဆုံးနေတယ်၊ အိမ်သားတွေကို ခေါ်ယူစစ်ဆေးရာမှာ စိုင်းဟန်ရဲ့ မိန်းမဖြစ်သူ နန်းဖောင်း (အသက် ၁၈ နှစ် / ကိုယ်ဝန် ၅ လ) က သူ အဲဒီအိမ်မှာ ပြီးခဲ့တဲ့သင်္ကြန်ကမှ အလုပ်ဝင်တယ်၊ သူ့ယောကျ်ားလည်း အလုပ်မရှိတော့ သူနဲ့တူတူလာအလုပ်လုပ်ချင်တယ်၊ ဒါပေမဲ့ စိုင်းဟန်က အရက်သောက်တတ်တယ်၊ မူးရင် သူ့ကို ရိုက်တတ်တော့ လာမလုပ်ဖို့ပြောတယ်၊ အလုပ်ရှင်ကလည်း မယူဘူးလို့ပြောတယ်၊ အဲဒါ စိုင်းဟန် မကျေနပ်ဘူး၊ မိန်းမကို ပြဿနာလုပ်တယ်၊ လာသတ်မယ်လို့ ခြိမ်းခြောက်တယ်၊ အဲဒီအကြောင်း အလုပ်ရှင်ကို ပြောထားတယ်၊ အခင်းဖြစ်တဲ့နေ့မှာ သူက အိမ်ရှင်အဘွားကြီးကို နောက်တအိမ်မှာ သွားပြုစုနေတယ်၊ အိမ်ရှင်အဘိုးကြီးက သူနဲ့ ဗိုက်ထဲက ကလေးကို ကာကွယ်ရင်း ဖြစ်သွားလို့ စိတ်မကောင်းဘူး တောင်းပန်တယ်လို့ ပြောသွားပါတယ်။

စိုင်းဟန်ဟာ အလုပ်ရှင်ရဲ့သေနတ်၊ ဖုန်း၊ မှတ်ပုံတင်နဲ့ ကားကိုယူပြီး ထွက်ပြေးတယ်၊ ကားမောင်းမကျွမ်းတော့ လမ်းပေါ်သွားနေတဲ့ ကားတစီး၊ ဆိုင်ကယ်တစီး၊ ရပ်ထားတဲ့ ကားတစီးနဲ့ လမ်းဘေးပလက်ဖောင်းတွေ၊ ပန်းအိုးတွေကို ဝင်တိုက်သွားတယ်၊ ရဲက ဆိုင်ကယ်နဲ့လိုက်ဖမ်းတယ်၊ ဖြစ်ချင်တော့ ကားနံပါတ်ပြားက လမ်းမှာပြုတ်ကျသွားလို့ လိုက်ရခက်ခဲသွားတယ်လို့ ဆိုပါတယ်။

စိုင်းဟန်ကို ဖစ်ကဆိမ်ရဲစခန်းက လူသတ်မှု၊ လက်နက်မှု၊ လုယက်မှု၊ ပိုင်နက်ကျူးကျော်မှု၊ ယာဉ်စည်းကမ်းဖောက်ဖျက်မှု၊ အများပြည်သူ ဥစ္စာပစ္စည်း ပျက်စီးအောင် ပေါ့ဆစွာယာဉ်မောင်းမှု၊ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source: Thairath News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013