
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ ရွှေဆိုင်ပိုင်ရှင်၊ ဆန်ကုန်သည်နဲ့ ဖူဆယ်ဘောလုံးကွင်း ပိုင်ရှင်တွေကို တော်လှန်ရေးကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
ရွှေဆိုင်ပိုင်ရှင် မဖြူဖြူလှိုင်တို့ လင်မယားနဲ့ ဆန်ကုန်သည် ကိုနေဇော်ထွန်း အပါအဝင် ဆန်ကုန်သည် ၆ ယောက်ကို သူတို့နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး မေ ၉ ရက် နေ့လယ်ပိုင်းက အောင်ဆန်းရပ်ကွက်မှာရှိတဲ့ ဖူဆယ်ဘောလုံးကွင်းပိုင်ရှင်နဲ့ ဆန်ကုန်သည် ကိုဂျပန်ကြီး ဆိုသူတို့ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
စစ်ကောင်စီ ဖမ်းဆီးသွားတာကို မျက်မြင်တွေ့ရှိခဲ့သူက “ဖမ်းဆီးခံရတဲ့သူတွေအားလုံးကို နေ့ခင်းဘက်ကြီး ဖမ်းသွားတာ။ မေးစရာရှိလို့ဆိုပြီး ခေါ်သွားတာ။ ခု သူတို့ကို PDF ထောက်ပို့လို့ စွပ်စွဲထားတယ်။ အခြေအမြစ်မရှိ စွပ်စွဲနေတာ။ အဓိက ငွေလိုချင်တာလည်း ပါမှာပေါ့” လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “ဖမ်းဆီးခံရတဲ့သူတွေထဲက ၂ ယောက်ကိုတော့ ကျုံပျော်မြို့က ခလရ ၃၆ ကို ခေါ်သွားတယ်။ အဲဒီမှာ စစ်ဆေးတာတွေ လုပ်နေတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ဧရာဝတီတိုင်းထဲမှာ စစ်ကောင်စီက နိုင်ငံရေးနဲ့ပတ်သက်တဲ့ သူတွေကို ညအခါမှသာ လိုက်ဖမ်းလေ့ရှိပေမဲ့ ခု ငါးသိုင်းချောင်းက လုပ်ငန်းရှင်တွေကိုတော့ နေ့ခင်းကြောင်တောင် ဝင်ဖမ်းသွားပြီး တော်လှန်ရေးထောက်ပို့ လုပ်သူလို့ စွပ်စွဲပြီး စစ်ဆေးနေတာ” လို့ ပြောပါတယ်။
မေလ ပထမအပတ်ထဲမှာပဲ သာပေါင်းမြို့နယ်ထဲမှာလည်း ဆိုင်ကယ် ကယ်ရီ မောင်းနေသူတွေနဲ့ ဒေသခံလူငယ်တချို့ကို PDF ထောက်ပံ့နေသူလို့ စွပ်စွဲကာ ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။