
ရီးရဲလ်မက်ဒရစ်နည်းပြ အန်စလော့တီကို လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်က အတည်ပြုသွားပါတယ်။
အီတလီနည်းပြကြီးဟာ အခုနှစ်ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကို အောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိတဲ့နောက်မှာ ဘရာဇီး လက်ရွေးစင်နည်းပြအဖြစ် ကမ်းလှမ်းချက်ကို လက်ခံခဲ့တာပါ။
နည်းပြအန်စလော့တီ အနေနဲ့ လက်ကျန် လာလီဂါပွဲစဉ်တွေမှာ မက်ဒရစ်အသင်းနဲ့အတူ ဆက်လက်တာဝန်ယူမှာဖြစ်ပြီး မေ ၂၆ ရက်မှာ ဘရာဇီးအသင်း နည်းပြအဖြစ် တရားဝင် စတင်တာဝန်ယူမှာဖြစ်ကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
နည်းပြအန်စလော့တီကို ထွက်ခွာခွင့်ပေးခဲ့တဲ့ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ရဲ့ အားကစားစိတ်ဓာတ် ပြည့်ဝမှုအပေါ် ကျေးဇူးတင်ပြီး ဘောလုံးလောကရဲ့ အအောင်မြင်ဆုံးနည်းပြတယောက်ကို ခန့်အပ်နိုင်ခဲ့လို့ ဂုဏ်ယူမိကြောင်း ဘရာဇီးဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။