
ဆိုမာလီယာနိုင်ငံရဲ့ မြို့တော် မိုဂါဒစ်ရှူးမှာ သောကြာနေ့ညက မိုးသည်းအပြီး ရေကြီးလို့ မေလ ၁၁ ရက်ထိ ရထားတဲ့ စာရင်းအရ လူ ၁၀ ယောက် ထက်မနည်း သေဆုံးခဲ့ပြီး အဓိကလမ်းတွေ ပြတ်တောက်ခဲ့တယ်လို့ AP သတင်းဌာနမှာ ဖော်ပြပါတယ်။
ဒေသန္တရ အုပ်ချုပ်ရေး ပြောရေးဆိုခွင့်ရှိသူက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေတယ်လို့ ပြောကြားလိုက်ပြီး ၈နာရီကျော်ကြာအောင် တရစပ် မိုးသည်းခဲ့လို့ လူသေဆုံးမှု မြင့်တက်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ရပ်ကွက်အသီးသီးမှာ အိမ် ၉ လုံး ပြိုကျပြီး လမ်းကြီး ၆ ခုထက်မနည်း ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။
ဆိုမာလီယာနိုင်ငံမှာ ခြောက်သွေ့ရာသီ ကြာရှည်နေလို့ မိုးခေါင်တာနဲ့ သည်းကြီးမည်းကြီး မိုးရွာတာတွေကြောင့် ရေလွှမ်းမိုးတာတွေ အပါအဝင် အစွန်းရောက် မိုးလေဝသဒဏ်ကို အရင်တည်းက ခံနေရတာပါ။
သောကြာနေ့က ၈ နာရီကြာအောင် မိုးသည်းလို့ ရပ်ကွက်တွေထဲမှာ ရေက ခါးလောက်အထိ မြင့်တက်ခဲ့ပါတယ်။
ဒေသခံတချို့ ရေထဲမှာ ပိတ်မိနေခဲ့ပြီး တခြားလူတွေကတော့ ပိုမြင့်တဲ့ မြေပြင်ဆီ ရွှေ့ခဲ့ရတာပါ။ ပျောက်ဆုံးနေသူတွေကို မေလ ၁၀ ရက်က အပျက်အစီးတွေ အောက်မှာ လိုက်ရှာခဲ့ရပါတယ်။ ဒေသခံတယောက်က မိုးရွာချိန်က လမ်းပေါ်မှာ တူ ၂ ယောက်နဲ့ အတူရှိနေချိန်မှာ ရေကြီးလို့ ကလေး ၂ ယောက် မျောပါသွားခဲ့တယ်လို့ ပြောပါတယ်။
တယောက်က အသက်ရှင်ကျန်ရစ်ပြီး ကျန်တယောက်ကတော့ အပျက်အစီးအောက်မှာ ပျောက်နေတယ်လို့ ပြောပါတယ်။