DVB Logo
Home
မြန်မာသတင်း
လားရှိုးကို လျှပ်စစ်မီးပြန်ပေးရန် TNLA၊ MNDAA တို့နှင့် စစ်ကောင်စီအရာရှိများ ညှိနှိုင်းမည်
DVB
·
May 12, 2025
လားရှိုးကို လျှပ်စစ်မီးပြန်ပေးရန် TNLA၊ MNDAA တို့နှင့် စစ်ကောင်စီအရာရှိများ ညှိနှိုင်းမည်
Donate to DVB

စစ်ကောင်စီ ပြန်လည်အုပ်ချုပ်ပြီဖြစ်တဲ့ ရှမ်းမြောက်က လားရှိုးမြို့ကို ရွှေလီရေအားလျှပ်စစ်ကနေ လျှပ်စစ်မီး ပြန်ပေးနိုင်ဖို့ တအာင်းတပ် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်နယ်မြေတွေဆီ စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနက အရာရှိတွေ ဒီနေ့ မေ ၁၂ ရက်မှာ ရောက်နေပြီလို့ MNDAA စစ်သတင်းအရင်းအမြစ်ဆီကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်ဌာနက အရာရှိတွေဟာ မေ ၁၁ ရက်နေ့မှာပဲ မန္တလေးမြို့ကနေ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-သီပေါ-လားရှိုး-နမ္မတူ-မန်စံလမ်းအတိုင်း ဝင်ရောက်လာတာ ဖြစ်ပြီး လားရှိုးမြို့ကို လျှပ်စစ်မီးပြန်ယူဖို့ TNLA၊ MNDAA တပ်ပိုင်းက အရာရှိတွေနဲ့ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

MNDAA စစ်ရေးသတင်းအရင်းအမြစ်က “စစ်ကောင်စီဘက်ကနေ စေလွှတ်လိုက်တဲ့ လျှပ်စစ်ဝန်ထမ်းတွေ TNLA နဲ့ MNDAA နယ်မြေတွေကို ညှိနှိုင်းဆွေးနွေးဖို့ ဒီနေ့ရောက်နေကြပြီ။ နမ္မတူ-မန်စံနဲ့ ရွှေလီရေအားလျှပ်စစ်ကနေ လားရှိုးမြို့ မီးရဖို့ ညှိနှိုင်းကြမယ်” လို့ DVB ကို ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလကတည်းက ရွှေလီရေအားလျှပ်စစ်ကနေ ရှမ်းမြောက်ဒေသတွေကို လျှပ်စစ်မီး သွယ်တန်းထားတဲ့ ဓာတ်အားခွဲရုံတွေနဲ့ လျှပ်စစ်မီးတိုင်တွေ ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ရွှေလီ ရေအားလျှပ်စစ်ကနေ ရှမ်းမြောက်ဒေသတွေဆီကို လျှပ်စစ်မီးဖြန့်ဖြူးရာမှာ TNLA နဲ့ MNDAA မဟာမိတ် ပူးပေါင်းတပ်တွေ ထိန်းချုပ်ရာ နမ္မတူဒေသကို ဖြတ်သန်းသွားရတာ ဖြစ်ပါတယ်။ ဒါကြောင့် လျှပ်စစ်မီးရရှိဖို့ ကြိုးစားရာမှာ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် လျှပ်စစ်ဌာနအရာရှိတွေ ညှိနှိုင်းဆောင်ရွက်ရတာ ဖြစ်ပါတယ်။

MNDAA တပ်တွေ လားရှိုးမြို့ကို သိမ်းပိုက်လိုက်ချိန်မှာတော့ ရွှေလီရေအားလျှပ်စစ်ကနေ လားရှိုးမြို့ကို မီးပြန်ပေးဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီအချိန်က MNDAA နဲ့ ညှိနှိုင်းမှုကြောင့် စစ်ကောင်စီရဲ့ လျှပ်စစ်ဌာန အရာရှိတွေ လားရှိုးမြို့ကို ရောက်လာပြီး MNDAA လျှပ်စစ်ဝန်ထမ်းတွေနဲ့ ပြုပြင်ပေးတာတွေ ရှိခဲ့လို့ နမ္မတူနဲ့ မန်စံ ဒေသတွေမှာ မီးပြန်ရနေတာ ဖြစ်ပေမဲ့ လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ စစ်ကောင်စီက ပြန်လည်အုပ်ချုပ်လိုက်တာကြောင့် MNDAA က အဲဒီ မီးပြန်လည်ရရှိရေးကို ရပ်ဆိုင်းလိုက်တာပါ။

TNLA ဘက်ကလည်း နမ္မတူကနေ ထိန်းချုပ်ထားပြီး လျှပ်စစ်မီး မပို့လွှတ်တော့ဘူးလို့လည်း အဲဒီသတင်းအရင်းအမြစ်က ပြောပါတယ်။

ကိုးကန့်တပ်ဟာ လားရှိုးမြို့ကို ထိန်းချုပ်ထားစဉ်ကာလက လတ်တလော မီးရဖို့ နမ္မတူ-မန်စံရေကျ (ကုန်းညောင်) ကနေ လျှပ်စစ်မီးကို နှစ်ရက်ခြား ၁၂ နာရီ မီးပေးခဲ့ကြပြီး လားရှိုးမြို့ကို အရပ်သား အများအပြား ပြန်ဝင်လာချိန်မှာတော့ နှစ်ရက်ခြား ၆ နာရီအထိ မီးပြန်ပေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုချိန်မှာတော့ လားရှိုးမှာ ရဲစခန်းတိုက်တန်းနဲ့ KTV ကလွဲရင် လူနေရပ်ကွက်တွေ မီးမရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့ ဒေသခံတယောက်က “မန်စံခွဲရုံ နမ္မတူကနေ စစ်ကောင်စီနဲ့ TNLA ညှိပြီး လားရှိုးမြို့ကို မီးပြန်ယူမှာထင်တယ်။ အခုက လျှပ်စစ်မီးမရတာ များတယ်။ ပိုက်ဆံပေးတဲ့ KTV နဲ့ အမှတ် ၁ ရဲစခန်းတိုက်တန်း ရုံးကြီးတလျှောက်ပဲ မီးမှန်တယ်။ ရပ်ကွက်တွေထဲကျ လာချင်တဲ့အခါ လာတာပဲ မမှန်ဘူး” လို့ DVB ကို ပြောပါတယ်။

အရင်ကတော့ ရွှေလီရေအားလျှပ်စစ်ကနေ နမ့်ခမ်း-နမ္မတူ-မန္တလေး၊ နမ္မတူ-လားရှိုးကို မီးပေးနေတာ ဖြစ်ပြီးတော့ အဲဒီဒေသတလျှောက်က လျှပ်စစ်လိုင်းတွေဟာ ပြုပြင်ပြီးစီးတာ ကြာပြီလို့လည်း သိရပါတယ်။

စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ထမ်းတယောက်ကလည်း “မန်စံခွဲရုံကနေ‌ TNLA ဘက်က မီးမပေးရင် လားရှိုးနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းမြို့တွေ မီးမရနိုင်ဘူး” လို့ DVB ကို ပြောပါတယ်။

ရွှေလီ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံဟာ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာ ရွှေလီမြစ်ပေါ်မှာရှိတာဖြစ်ပြီး မြန်မာအစိုးရဘက်က ၁၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံပိုင် Yunnan United Power Development ကုမ္ပဏီက ၈၅ ရာခိုင်နှုန်း ပါဝင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ကိုးကန့်တပ်တွေဟာ တရုတ်ရဲ့ဖိအားတွေကြောင့် လားရှိုးမြို့ကနေ ဧပြီ ၂၁ ရက်မှာ အပြီး ပြန်ဆုတ်ပေးလိုက်ရတာ ဖြစ်ပေမဲ့ လားရှိုးမြို့အနီးမှာ တပ်စွဲထားတုန်းပဲလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013