DVB Logo
Home
မြန်မာသတင်း
အင်းစိန်မြို့နယ်၌ တရုတ်နိုင်ငံသား အထည်ချုပ်စက်ရုံပိုင်ရှင် ၁ ဦး ဖမ်းဆီး တရားစွဲခံရ 
DVB
·
May 12, 2025
အင်းစိန်မြို့နယ်၌ တရုတ်နိုင်ငံသား အထည်ချုပ်စက်ရုံပိုင်ရှင် ၁ ဦး ဖမ်းဆီး တရားစွဲခံရ 
Donate to DVB

အမျိုးသမီးအလုပ်သမားတယောက်အပေါ်  ကိုယ်ထိလက်ရောက် ကျူးလွန်မှုနဲ့  Golden Colour Fashion အထည်ချုပ်စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားကို အမှုဖွင့် တရားစွဲထားပြီး လဝက ဥပဒေအရ ဖမ်းဆီးထားသလို မေ ၁၂ ရက်မှာ ပထမရုံးချိန်း ခေါ်ထားတယ်လို့ အဲဒီစက်ရုံနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ်မှာ ဖွင့်ထားတဲ့ Golden Colour Fashion အထည်ချုပ်စက်ရုံ ပိုင်ရှင်ဖြစ်သူ Mr Lei Pei Jun ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စက်ရုံလုပ်သား အမျိုးသမီးကို ရုံးခန်းမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တာကြောင့် နစ်နာသူဘက်က ဇန်နဝါရီ ၁၇ ရက်မှာ အင်းစိန်ရဲစခန်းမှာ ပနံပါတ် ၃၁/၂၅၊ ပုဒ်မ ၂၉၄၊ ၃၅၄၊ ၁၁၄၊ ၅၀၆ တို့နဲ့ အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် လဝက ကလည်း ဧပြီ ၂၉ ရက်မှာ ပနံပါတ် ၂၂၄/၂၅၊ ပုဒ်မ ၁၃(၁) နဲ့ ထပ်မံတရားစွဲခဲ့သလို အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာလို့ နီးစပ်သူတွေဆီက သိရပါတယ်။

အဲဒီတရားစွဲဆိုမှုဖြစ်စဥ်နဲ့ နီးစပ်သူတယောက်က “အလုပ်သမားက တရားစွဲတဲ့အမှုက အာမခံရတယ်။ လဝက က စွဲတာကျတော့ အာမခံမရလို့ အင်းစိန်ထောင်မှာ ဖမ်းထားတာ။ ဒီနေ့ လဝကအမှုနဲ့ ပထမရုံးချိန်းထုတ်ဖို့ရှိတာ။ ကျန်းမာရေးကို အကြောင်းပြပြီး ရုံးချိန်းမတက်ဘူးလို့ သိရတယ်။ အမှုအရ သူက လက်ထိတ်နဲ့ ရုံးထုတ်ခံရမှာ” လို့ ပြောပါတယ်။

ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတဲ့ အလုပ်သမားရဲ့ တရားစွဲဆိုမှုနဲ့ ပတ်သက်လို့ ရမန်ခေါ်တာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

အခုလို တရားစွဲခံရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ Golden Colour Fashion စက်ရုံဘက်ကို ဆက်သွယ်မေးမြန်းပေမဲ့ ဆက်သွယ်မရသေးပါဘူး။

အဲဒီစက်ရုံရဲ့ စက်လိုင်းစာရေး အမျိုးသမီးလုပ်သားက ဒီဇင်ဘာ ၂၀ ရက်မှာ HR ရုံးခန်းအတွင်း အလုပ်ဆင်းတဲ့လူစာရင်း တင်ပြခဲ့ပြီး ဖိုင်တွဲဖို့အတွက် စာရွက်ဖောက်စက် မတွေ့လို့ စားပွဲတွေပေါ် လိုက်လံရှာဖွေရာ မန်နေဂျာ ဆိုသူက အနားကို လာမရှာဖို့နဲ့ လိုချင်တာကို အပြင်ကနေ တောင်းဆိုဖို့ အော်ဟစ်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို အချေအတင် ပြောဆိုနေစဉ် စကားပြန်က တရုတ်သူဌေးကို သွားရောက်ခေါ်လာခဲ့ပြီး သူဌေးက စကားပြန်မှတဆင့် တရုတ်ဘာသာနဲ့ စက်ရုံကနေ အခုချက်ချင်း ထွက်သွားဖို့ ပြောသလို ကိုယ်ထိလက်ရောက် တွန်းထုတ်တာ၊ ရုံးခန်းပြင်ပဆီ ဆောင့်ဆွဲခေါ်တာမျိုး ပြုမူခဲ့တာကြောင့် နစ်နာသူ အလုပ်သမားက တရားစွဲခဲ့တာလို့ သိရပါတယ်။

Golden Colour Fashion စက်ရုံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်တာ၊ သမဂ္ဂဖြိုခွဲတာတွေ ရှိခဲ့သလို လုပ်ငန်းခွင် အငြင်းပွားမှု ပြဿနာတွေ မကြာခဏ ဖြစ်လေ့ရှိတယ်လို့ အလုပ်သမားတချို့က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013