DVB Logo
Home
Lead Story
ပုပ်ရဟန်းမင်းကြီး လီယို-၁၄ ရဲ့ ဦးဆောင်မှု ဘယ်လိုဖြစ်လာနိုင်မလဲ
DVB
·
May 12, 2025
ပုပ်ရဟန်းမင်းကြီး လီယို-၁၄ ရဲ့ ဦးဆောင်မှု ဘယ်လိုဖြစ်လာနိုင်မလဲ
Donate to DVB

ဗာတီကန်မြို့တော်ရဲ့ ကောင်းကင်မှာ ဘုရားကျောင်းမီးခိုးခေါင်းတိုင်က မီးခိုးဖြူတွေ လူးလွန့်လာခဲ့ပြီး ခေါင်းလောင်းထိုး အချက်ပြသံတွေ ကြားရပြီးတဲ့နောက် စိန့်ပီတာရင်ပြင်မှာ စောင့်ဆိုင်းနေကြတဲ့ သောင်းနဲ့ချီတဲ့ လူအုပ်ကြီးဟာ ပုပ်ရဟန်းမင်းအသစ် လီယို- ၁၄ (Leo XIV) ကို တွေ့မြင်ခဲ့ကြရ ပါတယ်။

သူက အီတလီ၊ စပိန်၊ လက်တင် ဘာသာစကားတွေနဲ့ နှုတ်ခွန်းဆက်ခဲ့ပါတယ်။ ပျံလွန်တော်မူသွားတဲ့ ပုပ်ရဟန်းမင်း ဖရန်စစ်ကို အစားထိုးဖို့အတွက် ကာဒီနယ်တွေရဲ့ မဲခွဲဆုံးဖြတ်ချက်နဲ့အတူ ပုပ်ရဟန်းမင်းအသစ်ကို ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာ ရွေးချယ်တင်မြှောက်လိုက်နိုင်ခဲ့တာပါ။​ ၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းအဖြစ် တင်မြှောက်ခံရတာကတော့ အမေရိကန် ကာဒီနယ် ရောဘတ် ပရီဗို့စ် (Robert Prevost) ဖြစ်ပါတယ်။ သူဟာ ပီရူးနိုင်ငံသားအဖြစ် ခံယူထားသူလည်း ဖြစ်တဲ့အတွက် တောင်အမေရိက မြောက်အမေရိကတိုက်က ကက်သလစ်ဘာသာဝင်တွေက ဂုဏ်ယူဝမ်းမြောက်နေကြတာ တွေ့ရပါတယ်။

နိုင်ငံတကာမီဒီယာတွေကတဆင့် တိုက်ရိုက်ကြည့်ရှုနေကြရတဲ့ နိုင်ငံတကာ ကက်သလစ်ဘာသာဝင် သန်းပေါင်း ၁,၄၀၀ လောက်အတွက် အသိချင်ဆုံးမေးခွန်းကတော့ ပုပ်ရဟန်းမင်းကြီးဟာ ကမ္ဘာအနှံ့အပြားက ကက်သလစ်ဘုရားကျောင်းတွေကို ဘယ်လို ဦးဆောင်မှာလဲ၊ ဘယ်လို တွေးခေါ်မြော်မြင်မှုတွေ ရှိနေမလဲ ဆိုတာပဲ ဖြစ်နိုင်ပါတယ်။​ နိုင်ငံတကာ အသိုက်အဝန်းမှာလည်း သြဇာကြီးမားလှတဲ့ ပုပ်ရဟန်းမင်းကြီးအသစ်ဟာ ရှေးရိုးစွဲအယူဖြစ်မလား၊ ခေတ်မီတိုးတက်သူ ဖြစ်မလား၊ ဘယ်လိုရပ်တည်မှု မူဝါဒတွေနဲ့ ဦးဆောင်လမ်းညွှန်သူ ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ကြသူတွေ များပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်လောက်က ကာဒီနယ် ၁၃၃ ပါး တက်ရောက်မဲပေးရွေးချယ်ကြတဲ့ ပုပ်ရဟန်းမင်းဟာ ရွေးချယ်ပွဲမတိုင်ခင် စောစောပိုင်းက ရေပန်းစားနေသလို အာရှတိုက်သား၊ အာဖရိကတိုက်သား၊ အီတလီနိုင်ငံသားတွေ မဟုတ်ဘဲ အမေရိကန် ကာဒီနယ်တယောက် ဖြစ်နေတာကို အံ့သြကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ နိုင်ငံရေးအရ အုပ်စုကွဲတွေ အမြင်ကွဲပြားမှုတွေ များနေတဲ့အချိန်မှာ သံတမန်ရေးရာနဲ့ နိုင်ငံတကာ အတွေ့အကြုံ ကြွယ်ဝတဲ့ ကာဒီနယ်ကြီးကို ၃ ပုံ ၂ ပုံ အများသဘောတူ ရွေးချယ်ခဲ့ကြတယ်လို့ မီဒီယာတွေက သုံးသပ်ကြပါတယ်။

ပျံလွန်သွားတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကိုယ်တိုင်က ပြီးခဲ့တဲ့ ၂၀၂၃ မှာ ကာဒီနယ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့တာဖြစ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ မူဝါဒတွေနဲ့ အလျဉ်းသင့်မယ့်သူလို့ အကြမ်းဖျင်း ခန့်မှန်းကြပါတယ်။​ အိုးမဲ့အိမ်မဲ့တွေ၊ ဆင်းရဲသားတွေ၊ ဒုက္ခသည်တွေကို သနားကရုဏာထားပြီး သူတို့ကို ခြေဆေးပေး၊ ခြေထောက်ကို နမ်းရှုပ်လေ့ရှိတဲ့ မာန်မာနမရှိ နှိမ့်ချသူ၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရပ်တည်သူ၊ အစွန်းတရားတွေကြားက မျှတတဲ့ သဘောထားရပ်တည်ချက်ရှိသူအဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို နိုင်ငံတကာက မှတ်မိခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီးအသစ် ဖြစ်လာတဲ့ အသက် ၆၉ နှစ်အရွယ် ကာဒီနယ် ရောဘတ် ဖရန်စစ် ပရီဗို့စ် ဟာ အမေရိကန် ချီကာဂိုဇာတိဖြစ်ပေမဲ့ စပိန်၊ ပြင်သစ်စကား၊ အီတလီစကားတွေ ကျွမ်းကျင်စွာ ပြောဆိုနိုင်တဲ့သူ၊ ပြင်သစ်၊ စပိန်၊ အီတလီ နွယ်ဖွား အဆက်အနွယ်တွေ၊ ဟေတီနိုင်ငံက လူမည်းအဆက်အနွယ်တွေကနေ သွေးနှောဆင်းသက်လာသူ ဖြစ်တယ်လို့ တွေ့ရပါတယ်။ ဒါ့အပြင် တောင်အမေရိကတိုက်က ပီရူးနိုင်ငံရဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ နှစ် ၂၀ ကျော် သာသနာ့တာဝန်တွေ ထမ်းဆောင်လာခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အီတလီမီဒီယာတွေက သူ့ကို အမေရိကန်မဆန်ဆုံး အမေရိကန်ပုပ်ရဟန်းမင်းကြီးလို့ ညွှန်းတာ ဖြစ်နိုင်ပါတယ်။

အသစ်တင်မြှောက်ခံရတဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ဘွဲ့တော်ခံယူမှုကတဆင့် သူ့အကြောင်း ဘာသိရမလဲ ဆိုတာကို လေ့လာကြပါတယ်။​ လီယို ၁၄ ဆိုတဲ့ ဘွဲ့တော် ခံယူမှုကြောင့် ပုပ်ရဟန်းမင်းကြီး လီယို ၁၃ က ဘယ်လိုလဲဆိုတာ ပြန်ကြည့်ကြရပါတယ်။​ ၁၈၇၈ ခုနှစ်က ပုပ်ရဟန်းမင်း လီယို ၁၃ ဟာ ပထမကမ္ဘာစစ်မတိုင်မီ အဲဒီခေတ်က စက်မှုတော်လှန်ရေးကာလအတွင်း ဆင်းရဲသား အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လူမှုရေး တရားမျှတမှုတွေအတွက် ရပ်တည်ခဲ့သူ တင်းကျပ် ထိန်းချုပ်လွန်းတဲ့ ဆိုရှယ်လစ်စနစ်နဲ့ ပြေလျော့လွန်းတဲ့ အရင်းရှင်စနစ် အစွန်းတရား ၂ ခုထဲက တဖက်ဖက်ကို ဘက်မလိုက်ခဲ့သူအဖြစ် ထင်ရှားပါတယ်။ ဘွဲ့အမည် လီယိုကို ရွေးချယ်တဲ့ ပုပ်ရဟန်းမင်းကြီးအသစ်ဟာ ပုပ်ရဟန်းမင်း လီယို လိုပဲ၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လိုပဲ ဆင်းရဲသားတွေ၊ အားနည်းသူတွေဘက်က ရပ်တည်မယ့်သူလို့ သတ်မှတ်ကြပါတယ်။

ပုပ်ရဟန်းမင်းအဖြစ် တင်မြှောက်ခံရပြီးခါစ စိန့်ပီတာရင်ပြင်က လူအုပ်ကို ပထမဆုံး  နှုတ်ခွန်းဆက်တဲ့အခါမှာလည်း ငြိမ်းချမ်းရေးနဲ့ တံတားခင်း ပေါင်းကူးရေးတွေ၊ အားလုံးအတွက် တံခါးဖွင့်ထားတဲ့ ဘုရားကျောင်း ဖြစ်ရေးတွေကို ဦးစားပေး ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

ရဟန်းမင်းကြီးအသစ်ရဲ့ ပထမဆုံး လူထုဆုတောင်းပွဲအနေနဲ့ မေလ ၁၁ ရက်နေ့ မိခင်များနေ့ ဗာတီကန်ရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။ သိန်းနဲ့ချီတဲ့ လူအုပ်ကြီးရှေ့မှောက်မှာ မိခင်များအားလုံးအတွက် ဆုတောင်းပေးခဲ့ပါတယ်။

ဒါ့ပြင် ယူကရိန်းနဲ့ ဂါဇာက စစ်ပွဲတွေ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့ အနှစ် ၈၀ မြောက် အထိမ်းအမှတ်နေ့မှာ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ကို ရွေးချယ်တင်မြှောက်ဖြစ်ခဲ့ကြတဲ့ တိုက်ဆိုင်မှုကိုလည်း ဖော်ပြပါတယ်။ တတိယကမ္ဘာစစ် မဖြစ်ကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ပန်ကြားခဲ့ပါတယ်။​ ယူကရိန်းက အကျဉ်းသားတွေ ဖမ်းဆီးခံ ကလေးငယ်တွေ ပြန်လည်လွတ်မြောက်လာစေဖို့ ဆုတောင်းပေးခဲ့သလို ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေ ရပ်ပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ တောင်းဆိုပါတယ်။​ အပစ်အခတ် ရပ်ဆိုင်းဖို့ သဘောတူခဲ့ကြတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကိုလည်း​ ချီးမွမ်းလိုက်ပါတယ်။

မေလ ၁၀ ရက်က သူရဲ့ ပထမဆုံး တရားဝင်မိန့်ခွန်းအရ ဉာဏ်ရည်တု (AI) ဟာ လူသားတွေရဲ့ ဂုဏ်သိက္ခာအတွက် အဓိကစိန်ခေါ်မှုတခုအဖြစ် မိန့်ဆိုခဲ့ပါတယ်။ AI ဖွံ့ဖြိုးတိုးတက်မှုကို ခေတ်ပြောင်းစက်မှုတော်လှန်ရေးနဲ့ နှိုင်းယှဉ်ပြီး လူသားဗဟိုပြု ကျင့်ဝတ်တွေနဲ့ ထိန်းညှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ လူ့ဂုဏ်သိက္ခာ၊ တရားမျှတမှုနဲ့ အလုပ်သမားအခွင့်အရေးတွေကို ခြိမ်းခြောက်နိုင်တဲ့ AI အန္တရာယ်ကို ထောက်ပြခဲ့ပြီး ကျင့်ဝတ်နဲ့ အညီ ဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံတကာစည်းမျဉ်းတွေ လိုအပ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ပရိသတ်တွေဟာ ကာဒီနယ်ရောဘတ်ပရီဗို့စ်ဟာ အငြင်းပွားစရာ နိုင်ငံတကာ အရေးတွေမှာ သူ ဘယ်လိုအမြင်တွေ ထုတ်ဖော်ပြောဆိုခဲ့တာတွေရှိမလဲ ဆိုတာတွေကို သူ့ရဲ့ လူမှုကွန်ရက် X အကောင့် https://x.com/drprevost မှာ ခြေရာခံကြပါတယ်။​ 

တချို့ကလည်း သူဟာ ရှေးရိုးစွဲအမြင်ရှိတယ်လို့ သတ်မှတ်ကြသလို တချို့ကလည်း too woke လက်ဝဲဆန်လွန်းတယ်လို့ မြင်ကြတာလည်း ရှိပါတယ်။​ အမေရိကန် ဒုတိယသမ္မတ JD Vance ရဲ့ ဇန်နဝါရီလ ၂၉ က အင်တာဗျူးတခုမှာ ခရစ်ယာန် အယူအဆအရ မိသားစုကို အဓိကချစ်ပါ၊ ပြီးမှသာ အိမ်နီးချင်းတွေ၊ ကိုယ့်နိုင်ငံသားတွေကို ချစ်ပါ။ ပြီးမှသာ ကျန်တဲ့ တကမ္ဘာလုံးကို နောက်ဆုံးဦးစားပေး ဖြစ်ရမယ်လို့ ပြောဆိုပြီး လက်ဝဲဝါဒီတွေကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။​ အဲဒီအချိန်က ကာဒီနယ် ရောဘတ်ပရီဗို့စ်ဟာ ဒီအချက်ကို ဝေဖန်ပါတယ်။​ JD Vance မှားတယ်လို့ ပြောပါတယ်။​ “JD Vance is wrong: Jesus doesn’t ask us to rank our love for others,” ယေရှုဟာ ဘယ်သူ့ကို ဘယ်သူ့ထက် ပိုချစ်ပါလို့ အဆင့်မခွဲခြားခိုင်းပါဘူးလို့ သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ပြခဲ့ဖူးပါတယ်။​

လိင်တူချစ်သူတွေနဲ့ လိင်တူ လက်ထပ်ထိမ်းမြားခွင့်တွေနဲ့ ပတ်သက်လို့တော့ ထောက်ခံသည် ကန့်ကွက်သည်ကို လူသိထင်ရှား ပြောဆိုခဲ့တာ မရှိတဲ့အတွက် ဒီနေရာမှာတော့ သူဟာ ရှေးရိုးစွဲဆန်လိမ့်မယ်လို့ သုံးသပ်ကြတာတွေလည်း ရှိပါတယ်။​ ရာသီဥတု ပြောင်းလဲခြင်းနဲ့ ပတ်သက်ရင်တော့ စကားလုံးတွေကနေ လှုပ်ရှားဆောင်ရွက်မှု ဖြစ်စေဖို့ တောင်းဆိုခဲ့ပါတယ်။​ နေရောင်ခြည်သုံးစွမ်းအင်နဲ့ လျှပ်စစ်ကားအသုံးချမှုနဲ့ဆိုင်တဲ့ ဗာတီကန်ရဲ့ မူဝါဒတွေကို ထောက်ခံပါတယ်။​ နိုင်ငံတကာ ကက်သလစ်ဘုရားကျောင်းတွေကြားက လက်ဝဲ လက်ယာ ဆန်မှုတွေ ကြားမှာတော့ သူဟာ အလယ်အလတ်ဝါဒီအနေနဲ့ စေ့စပ်ဆွေးနွေးရေး တံတားတစင်းလို ဆက်စပ်ရေးကို ဦးစားပေး ရပ်တည်လိမ့်မယ်လို့ ယူဆကြပါတယ်။​

အရင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်လိုပဲ ရွှေ့ပြောင်းအခြေချသူတွေ၊ ဒုက္ခသည်တွေ အခွင့်အရေးအတွက် ရပ်တည်သူ ဖြစ်တဲ့အတွက် ဒီအရေးမှာတော့ အမေရိကန်သမ္မတ ထရမ့်ပ်ရဲ့ ဇွတ်ဖမ်း ချက်ချင်းနှင်ထုတ် မူဝါဒနဲ့ သဟဇာတဖြစ်မယ့်ပုံ မပေါ်ပါဘူး။ သူဟာ လူမှုကွန်ရက်မှာ အများကြီးတင်ပြနေသူ မဟုတ်ပေမဲ့ သူတင်ပြခဲ့ဖူးသလောက်မှာ သေနတ်ထိန်းချုပ်ရေး၊ ရွှေ့ပြောင်းအခြေစိုက်တွေကို ကာကွယ်စောင့်ရှောက်ရေးတွေ ရာသီဥတု ပြောင်းလဲမှုအပေါ် သဘောထားတွေကို ကြည့်ပြီး လက်ဝဲယိမ်းတဲ့ ပုပ်ရဟန်းမင်း ဖြစ်နိုင်တယ်လို့ သုံးသပ်ကြတာတွေလည်း ရှိပါတယ်။

ကက်သလစ်ကျောင်းတော်တွေဟာ ဟိုရှေးခေတ်ကလို နိုင်ငံအုပ်ချုပ်သူတွေနဲ့ နီးကပ်ပြီး နိုင်ငံရေးမှာ သြဇာလွှမ်းမိုးတဲ့ ခေတ်ကာလ မဟုတ်တော့ပေမဲ့ နိုင်ငံတကာ ကက်သလစ်ဘုရားကျောင်းတွေနဲ့ ကက်သလစ်ဘာသာဝင် သန်းပေါင်း ၁,၄၀၀ လောက်အပေါ်မှာ သြဇာကြီးမားတဲ့ ပုပ်ရဟန်းမင်း ဘယ်လိုမူဝါဒတွေနဲ့ ဦးဆောင်မလဲဆိုတာ အရေးတကြီး စောင့်ကြည့်ကြရပါတယ်။ အုပ်စုကွဲ၊ အယူကွဲမျိုးစုံ ဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ဖြစ်စဉ်တွေထဲမှာ ပုပ်ရဟန်းမင်းကြီး ဘယ်လိုသဘောထား ရပ်တည်ချက်တွေ ရှိမလဲ ဆိုတာကို နောက်ပိုင်း ကမ္ဘာ့ဖြစ်စဉ်တွေမှာ သူဘယ်လိုမှတ်ချက်ပေးမလဲ ဆိုတာတွေ၊ သူ ဘယ်နိုင်ငံတွေသွားပြီး ဘယ်သူတွေနဲ့ တွေ့ဆုံဖြစ်လာမလဲ ဆိုတာတွေကတဆင့် စောင့်ကြည့်မှတ်သားကြရဦးမှာ ဖြစ်ပါတယ်။

သန်းဝင်းထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013