ယေရှုခရစ်တော်နဲ့ ပုပ်ရဟန်းမင်းအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မလေးမစားလုပ်မှုဟာ လက်ခံနိုင်စရာမရှိဘူးလို့ အီရန်သမ္မတ မာဆွတ် ပဇက်ရှ်ခီယန်က ရှုတ်ချလိုက်ပါတယ်။
အီရန်သမ္မတက “ပုပ်ရဟန်းမင်းကြီး လီယို-၁၄ အပေါ် စော်ကားတာကို အီရန်နိုင်ငံရဲ့ကိုယ်စား ရှုတ်ချကြောင်းနဲ့ လူသားအချင်းချင်း ရင်းနှီးနားလည်မှုရဲ့ တမန်တော် ယေရှုအပေါ် မလေးမစား ပြစ်မှားတာကို ဘယ်လွတ်လပ်တဲ့ လူသားကမှ လက်ခံမှာမဟုတ်ဘူး” လို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီး အလ္လာအရှင်မြတ်ကောင်းချီးပေးပါစေလို့ အဆုံးသတ်ထားပါတယ်။
ဒါဟာ မူရင်းအသုံးအနှုန်းအတိုင်း ဘာသာပြန်ဖော်ပြတာဖြစ်ပြီးတော့ အစ္စလာမ်သာသနာမှာ ယေရှုကို အီဆာလို့ ခေါ်ပြီးတော့ နဗီ တမန်တော်တွေထဲက တပါးအဖြစ် သတ်မှတ်ထားပါတယ်။ ခရစ်ယာန်သာသနာရဲ့ ယုံကြည်မှုနဲ့တော့ တူညီမှုမရှိပါဘူး။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထရမ့်ပ်ရဲ့ မှတ်ချက်အပေါ် ဝေဖန်ခဲ့ပါတယ်။ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကလည်း ပုပ်ရဟန်းမင်းကြီးအပေါ် ထရမ့်ပ်ရဲ့ ဝေဖန်မှုဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။
ဝန်ကြီးချုပ် မယ်လိုနီက “ပုပ်ရဟန်းမင်းကြီးဟာ ကက်သလစ်အသင်းတော်ရဲ့ အကြီးအကဲ ဖြစ်တာကြောင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုဖို့နဲ့ စစ်ပွဲတွေကို ရှုတ်ချဖို့ဆိုတာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်”လို့ ဆိုပါတယ်။
ကက်သလစ်ဘာသာဝင်တယောက်ဖြစ်ပြီး ထရမ့်ပ်ရဲ့ မဟာမိတ်လည်းဖြစ်တဲ့ မယ်လိုနီဟာ ပုံမှန်အားဖြင့် ထရမ့်ပ်ဘက်က ရပ်တည်သူ ဖြစ်ပါတယ်။
သမ္မတ ထရမ့်ပ်က ပုပ်ရဟန်းမင်းကြီးဟာ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ရင် အားနည်းပြီး နိုင်ငံခြားရေးမူဝါဒမှာလည်း ဆိုးရွားတယ်လို့ ဝေဖန်ခဲ့တာပါ။
ပုပ်ရဟန်းမင်းကြီး လီယိုက ထရမ့်ပ်အစိုးရကို မကြောက်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ထရမ့်ပ်နဲ့ တိုက်ရိုက် မငြင်းခုံလိုပေမဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ရပ်တည်သွားမယ်လို့ ဆိုပါတယ်။
ဒီပြောဆိုမှုတွေဟာ အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ စစ်ပွဲကို ပုပ်ရဟန်းမင်းကြီးက ဝေဖန်ပြီးနောက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
Source: Reuters










