
အာဏာသိမ်းစစ်တပ်ဟာ ဘယ်လိုအကြောင်းမျိုးနဲ့မှ ရွေးကောက်ပွဲကို ဖျက်သိမ်းတာ ဒါမှမဟုတ် ရွှေ့ဆိုင်းတာလုပ်မယ့် သဘောမျိုး မတွေ့ရဘူးလို့ နိုင်ငံရေးပါတီတွေက သုံးသပ်ပြောပါတယ်။
လူပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့တဲ့ မတ် ၂၈ ရက် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် ဒီနှစ်အကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် ထိခိုက်မှုရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပေမဲ့ ရွေးကောက်ပွဲကို ဖျက်သိမ်းတဲ့အထိ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။
အဲဒီမြေငလျင်လှုပ်ခတ်မှုကြောင့် လွှတ်တော်အဆောက်အအုံတွေ အပါအဝင် နေပြည်တော်က စစ်ကောင်စီရဲ့ ဝန်ကြီးဌာနတချို့ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမဲ့ ရုံးပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ရပ်နားလိုက်ရတဲ့အထိ မဖြစ်ခဲ့တာကြောင့် အခုလို သုံးသပ် ပြောဆိုခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမယ့်လုပ်ငန်းစဉ်ကို တဆင့်ပြီးတဆင့် ဆက်လက် လုပ်ဆောင်နေတာ ရှိပေမဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနည်းဥပဒေတွေကိုတော့ ထုတ်ပြန်ဖို့ ကျန်နေသေးတယ်လို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။
လက်ရှိအချိန်မှာ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေဘက်က ပါတီမှတ်ပုံတင်ဥပဒေအရ ဖွဲ့စည်းရမယ့် ရုံးအရေအတွက်နဲ့ ပါတီဝင်ဦးရေ ပြည့်မီရေး လုပ်ငန်းစဉ်တွေနဲ့ သတ်မှတ်ချက်တွေကို လုပ်ဆောင်ကြပြီးဖြစ်တယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း နိုင်ငံရေးပါတီ ၅၄ ပါတီကို ပါတီမှတ်ပုံတင် ထုတ်ပေးပြီးဖြစ်သလို အသစ်ထပ်မံလျှောက်ထားတဲ့ ပါတီ ၂၀ ကျော်ကိုလည်း စစ်ဆေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲကို ဒီနှစ်အကုန် နောက်နှစ်အစမှာ ကျင်းပမယ်လို့ တရားဝင်ပြောဆိုပြီး ဖြစ်တာကြောင့် တရုတ်၊ ရုရှားနဲ့ အိန္ဒိယနိုင်ငံတွေဘက်ကလည်း ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေ စေလွှတ်ဖို့ စီစဉ်နေတာကြောင့် စစ်ကောင်စီဘက်က ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့မှ ဖျက်သိမ်းမှာမဟုတ်ဘူးလို့ သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက သုံးသပ်ပြောဆိုပါတယ်။
စစ်ကောင်စီက သူတို့ ကျင်းပမယ့်ရွေးကောက်ပွဲကို နိုင်သူ အကုန်ယူစနစ်ရော၊ အချိုးကျ ကိုယ်စားပြု PR ရွေးကောက်ပွဲစနစ် ၂ ခုစလုံးနဲ့ပါ ကျင်းပဖို့ ရှိတယ်လို့ ပြောဆိုပေမဲ့ နိုင်ငံရေးပါတီတွေကိုတော့ တရားဝင်ထုတ်ပြောထားတာ မရှိသေးပါဘူး။
နိုင်ငံတကာကတော့ တိုင်းပြည်တည်ငြိမ်မှုမရှိချိန်မှာ စစ်ကောင်စီက ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲက လူထု ထိခိုက်သေဆုံးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြပါတယ်။
အောင်သူ