
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စမ်းကုန်းကျေးရွာအနီး ကျောက်တောင်ဗွေတောင်ကုန်းမှာ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီ အမြောက်တပ် အမတ ၃၄၄ နဲ့ ကာကင်းစခန်းတွေ တည်ရှိတဲ့ မြောက်စမ်းကျေးရွာအနီး ကျောက်တောင်ဗွေတောင်ကုန်းမှာ မေ ၁၁ ရက် ညပိုင်းအထိ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲက ကြိုးကြားကြိုးကြား ဖြစ်နေတာ။ မနေ့ မေ ၁၁ ရက်နေ့ကတော့ အဆိုးဆုံးပဲလို့ ပြောလို့ရတယ်။ လေယာဉ်တွေပါ ပစ်နေတာ။ ရခိုင်နဲ့ တဆက်တည်း ရေကြည်ဘက်က ကျောက်တိုင်ကုန်း၊ ဗွေတောင်ကုန်းလို့ခေါ်တဲ့ အဲဒီမှာ ဖြစ်နေတာ” လို့ ပြောပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်တောင်ဗွေဆိုတဲ့ နေရာဟာ ကျေးရွာမဟုတ်ဘဲ စစ်ကောင်စီ အမြောက်တပ် အမတ ၃၄၄ နဲ့ ၇ မိုင်ဝန်းကျင်သာ ကွာဝေးတဲ့ အမြင့်ဆုံး တောင်ကုန်းတခုဖြစ်ပြီး စစ်ကောင်စီတပ်က စက်တပ်လေထီးတွေ၊ ဒရုန်းတွေ အသုံးပြုပြီး မနေ့ မေ ၁၁ ရက် တနေ့တည်း ၈ ကြိမ်ထက်မနည်း ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီ အနောက်တောင်တိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူက “တိုက်ပွဲရှိလား ဆိုတော့ ရှိတယ်။ ဘာလို့ဆို အပစ်ရပ်ကာလ တဖက်က လာရောက်ချောင်းမြောင်း ပစ်ခတ်တာတွေရှိလို့ ပြန်လည်ပစ်ခတ်နေရတာ” လို့ ပြောပါတယ်။
အဲဒီတိုက်ပွဲဖြစ်နေတဲ့ နေရာဘက်ကနေ မေ ၁၂ ရက် ဒီနေ့မနက်ပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေ ကြားနေရပြီး ရေကြည်မြို့နယ်ထဲက ရေနံ့သာ စစ်ဆေးရေးဂိတ်မှာလည်း စစ်ကောင်စီတပ်သားတွေ အများအပြား နေရာယူထားတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အမြောက်တပ် အမတ ၃၄၄ တပ်ထဲမှာ အတွဲလိုက်ပစ်ဒုံးတွေပါ ထပ်မံအားဖြည့်ထားပြီး တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေတဲ့ အခြေအနေ ရှိနေတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။