DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့ကို စစ်ကောင်စီက ၈ ရက်ကြာ လျှပ်စစ်မီးဖြတ်တောက်ပြီး လုံခြုံရေးတင်းကျပ်
DVB
·
May 12, 2025
ပခုက္ကူမြို့ကို စစ်ကောင်စီက ၈ ရက်ကြာ လျှပ်စစ်မီးဖြတ်တောက်ပြီး လုံခြုံရေးတင်းကျပ်
Donate to DVB

မကွေးတိုင်း၊  ပခုက္ကူမြို့အနီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်  စစ်ကောင်စီက  မြို့ပေါ်မှာ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားပြီး လုံခြုံရေးတင်းကျပ်နေပါတယ်။ 

မေ ၁ ရက်ကစပြီး ပခုက္ကူမြို့၊ တပ်မ ၁၀၁ ကနေ စစ်သားအင်အား ၂၀၀ ကျော်နဲ့ စစ်ကောင်စီက ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာပါ။

မေ ၇ ရက်မှာ ပခုက္ကူမြို့ထဲကို ပြန်ဝင်သွားတဲ့ စစ်ကြောင်းဟာ အချိန်တပတ်အတွင်းမှာ ပေါက်ပင်ကိုင်းရွာက ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၃၃ လုံး၊ သစ်ကြီးတောရွာက နေအိမ် ၆ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ 

စစ်ကြောင်းထိုးတဲ့အချိန် လမ်းတလျှောက်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒေသကာကွယ်ရေးအဖွဲ့တွေက ပခုက္ကူမြို့ပတ်ဝန်းကျင်အထိ ပြန်လည်ဖိအားပေး တိုက်ခိုက်ခဲ့တာကြောင့် ပခုက္ကူမြို့ပေါ်မှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပခုက္ကူမြို့ခံတယောက်က “မြို့ထဲအခြေအနေကတော့ မီးတွေ အကုန်ဖြတ်ထားပြီး သူတို့ကျပ်ထားတယ်ပေါ့ဗျာ။ လျှပ်စစ်မီးဖြတ်ထားတာ ၈ ရက်ရှိသွားပြီ၊ ခက်ခဲတာပေါ့။ ရေရော၊ မီးရော၊ စားဝတ်နေရေးကတမျိုး ဝုန်းဆန်နေတာပဲ။ ကျနော်တို့ အများဆုံးထင်နေကြတာတော့ သူတို့ကို စစ်ကြောင်းထိုးလို့မို့လို့ ဆင်ခြေပေးတယ် ထင်တာပဲ၊ ကျနော်တို့ ပတ်ပတ်လည်အကုန်လုံးက စစ်ကြောင်းထိုးနေကြတာကိုး။ စက်တပ်လေထီးတွေကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့ ဝဲ ဝဲ နေတာပဲ။ စားဝတ်နေရေးကလည်း ဟန်ဆောင်နေကြရတာ၊ မရှိ ရှိတာ ပေါင်နှံရောင်းချလုပ်နေကြရတာ၊ တော်တော်မွန်းကျပ်ပါတယ်” လို့ ပြောပါတယ်။

မေ ၂ ရက်ကနေ ၆ ရက်အတွင်း ထိတွေ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ လက်နက်ကြီး ပစ်ကူတွေပါ အသုံးပြုခဲ့ပေမဲ့ အထိအခိုက် များလာတာကြောင့် စစ်ကောင်စီတပ်သားတွေဟာ ပခုက္ကူမြို့ထဲကို ပြန်ဝင်သွားခဲ့တာပါ။ 

စစ်ကောင်စီက  မကွေးတိုင်းထဲမှာ လေကြောင်းပစ်ကူပေးဖို့နဲ့ ထောက်ပို့လုပ်ငန်း ဆောင်ရွက်ဖို့ လေယာဉ်ကွင်းငယ်တချို့ကို အဆင့်မြှင့်တင်တာတွေ ပြုလုပ်နေပြီး ပခုက္ကူမြို့နယ်နဲ့ ကပ်လျက် ချောက်မြို့နယ်၊ ဝါဇီငွေစက္ကူထုတ်စက်ရုံအနီးက လမ်းရွာလေယာဉ်ကွင်းကိုလည်း အဆင့်မြှင့်တင်တာတွေ ပြုလုပ်နေတာပါ။

မကွေးဒေသခံ နိုင်ငံရေးသမားတယောက်က “လမ်းရွာကတော့ စစ်ရေးဆိုတာထက် ဝါဇီစက်ရုံကြောင့် ဒီလေဆိပ်က ရှိခဲ့တာကိုး၊ ငွေစက္ကူရိုက်တဲ့ စက်ရုံလုံခြုံရေးကြောင့်လို့ အဲဒါကို ယူဆတယ်။ PDF နဲ့ တိုက်ရိုက်ဆိုင်တာကတော့ ပခုက္ကူလေဆိပ်က စစ်ရေးအရပိုပြီးတော့မှ အရေးပါမှု များတယ်။ ကျနော်တို့ ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင် ဒီနေရာတွေကို လေကြောင်းတိုက်ခိုက်မှု လုပ်တာက မကွေးလေတပ်တို့၊ မိတ္ထီလာရှမ်းတဲတို့က လာတာများတယ်။ အရင်တုန်းကဆိုရင် လေယာဉ်ဆီ အခက်အခဲတွေ ဘာတွေဖြစ်တယ်လို့ ကျနော်တို့ ကြားရတာကို‌။ ဒီတော်လှန်ရေးအတွက်တော့ သူတို့ဘက်က အနေအထားက အရင်ပုံစံအတိုင်း မဟုတ်ဘဲနဲ့ လေကြောင်းနဲ့ပတ်သက်ပြီးတော့မှ ဖြည့်တင်းမှုတွေ ပိုလုပ်လာနိုင်တယ် ဆိုတာကိုတော့ တွေ့ရတယ်” လို့ ပြောပါတယ်။

မေ ၁ ရက်မှာ မြိုင်နယ် သစ်ကြီးတော၊ လေးတန်း၊ ပေါက်ပင်ကိုင်း စတဲ့ကျေးရွာတွေကို စတင်စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေရဲ့ စားနပ်ရိက္ခာတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေကိုလည်း လုယူတာ၊ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ပစ်ခတ်မှုတွေကြောင့် မြိုင်နယ်၊ ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၇,၀၀၀ ကျော် အရေးပေါ် စစ်ရှောင်ခဲ့ကြရပြီး စားဝတ်နေရေး အခက်အခဲကြုံနေရပါတယ်။ 

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013