
ဇူလိုင် ၁၉ ရက် ဒီကနေ့ ကျရောက်တဲ့ ၇၉ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို စစ်အာဏာရှင် မင်းအောင်လှိုင် တက်ရောက်ဖို့ ရောက်နေတဲ့အတွက် ရန်ကုန်တမြို့လုံးနီးပါးကို လုံခြုံရေး တင်းကျပ်ထားပါတယ်။
ဒီကနေ့ မနက်အစောပိုင်းက စပြီး ရန်ကုန်မြို့အနှံ့ စစ်တပ်က အရပ်ဝတ်တွေနဲ့ အိမ်စီးကားတွေသုံးပြီး မြို့အနှံ့ ကင်းလှည့်နေသလို လမ်းတွေလည်း ပိတ်ထားတာ တွေ့ရပါတယ်။
အာဇာနည်နေ့မတိုင်ခင် ဇူလိုင် ၁၈ ရက် မနက်အစောပိုင်းတည်းက ရန်ကုန်မြို့မှာ စစ်တပ်က ကင်းပုန်းချပြီး လုံခြုံရေးတိုးချထားတာလို့ ရန်ကုန်မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ကတော့ ဒီကနေ့ မနက်ပိုင်းမှာ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်ကို သွားရောက်ပြီး အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးကို လွမ်းသူ့ပန်းခွေချ၊ ဂါဝရပြုတာနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေကို လိုက်လံနှုတ်ဆက်ခဲ့တာကို တွေ့ရပါတယ်။
ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ နဲ့ အနီးတဝိုက်ကိုလည်း လုံခြုံရေးတိုးချထားပါတယ်။
ဒါပေမဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လာရောက်ဂါရဝပြုခွင့် မပေးခဲ့ပါဘူး။
အာဇာနည်ဗိမာန်အနီးက ဦးဝိစာရလမ်း၊ အထက်ရွှေဂုံတိုင်လမ်း၊ လင့်ခ်လမ်းနဲ့ ကြားတောရလမ်းတို့ကို ပိတ်ထားပြီး ပြည်သူတွေကို ဖြတ်သန်းသွားလာခွင့် တားမြစ်ထားတာကို တွေ့ရပါတယ်။
ဒါ့အပြင် ဝန်ကြီးများရုံးရှိရာ ရန်ကုန်မြို့လယ်မှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားပြီး လမ်းသွားလမ်းလာ လူငယ်တွေကို တားဆီးစစ်ဆေးနေတယ်လို့လည်း ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
Photo: DVB










