
ထိုင်းနိုင်ငံ အထက်ပိုင်းဒေသမှာ အခုရက်ပိုင်း မိုးသက်လေပြင်းတွေ တိုက်ခတ်နေဦးမယ်လို့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီကနေ့ မေလ ၁၂ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်နဲ့တကွ ထိုင်းမြောက်ပိုင်း ဒေသအချို့မှာ မိုးကြီးရေလျှံပြီး လေပြင်းတိုက်လို့ သစ်ပင်ကြီးနဲ့ ဓာတ်မီးတိုင်တွေ လဲပြိုတဲ့နောက် ခုလိုထပ်မံ သတိပေးလိုက်တာပါ။
တောင်တရုတ် ပင်လယ်ပြင်နဲ့ ဗီယက်နမ်ဘက်က လေဖိအားနည်းရပ်ဝန်းတွေဟာ ထိုင်းဘက်ကို ရွေ့လျားတိုက်ခတ်လာပြီး ထိုင်းက ပူပြင်းတဲ့လေတွေနဲ့ ထိတွေ့တဲ့အခါ အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်နိုင်တာကြောင့် မိုးသည်းထန်၊ လေပြင်းတိုက်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ တာတွေဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
မေလ ၁၂ ရက်မနက် ၆ နာရီမှ ၂၄ နာရီ အတွင်း သတိထားရမယ့် ခရိုင်တွေမှာ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖရဲ့ ၊ နန့်၊ တာ့ခ်၊ ဆုခိုထိုင်း၊ ဖိကျစ်၊ ဖစ်ချ်ဘွန်း၊ ဗိစနုလုတ်၊ ဥတရာဒစ်တို့ပါဝင်ပါတယ်။
ဒါ့အပြင် ထိုင်းအရှေ့မြောက်ပိုင်း လွေး၊ နောင်ခိုင်၊ ဘင်ကန်၊ နောင်ဘိုလမ်းဖူး၊ ဥဒွန်းဌာနီ၊ စကွန်းနခွန်း၊ နခွန်းဖနုန်၊ ကာလာဆင်၊ ခွန်ကဲန်၊ လွဲ့အစ်၊ အမ်နတ်ကျရွန်း၊ ဘူရီရမ်၊ မုဒ်တာဟန်၊ မဟာဆာရခမ်း၊ နခွန်းရာ့ချ်ဆီမား စတဲ့ခရိုင်တွေလည်း ပါဝင်ပါတယ်။
မေလ ၁၃ ရက်နဲ့ ၁၇ ရက်တွေအတွင်း မုတ်သုံမိုးအစပိုင်းဝင်ရောက်ပြီး ထိုင်းတနိုင်ငံလုံး မိုးစတင်ရွာသွန်းကာ မိုးဦးရာသီသို့ ချဉ်းနင်းဝင်ရောက်လာမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။