
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်း အိုးထိမ်းကွင်းမြောက်ရွာမှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြားကာလ ပညာရေးကျောင်းကို စစ်ကောင်စီတပ်က မေ ၁၂ ရက် မနက် ၉ နာရီ ၃၇ မိနစ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါလေယာဉ်ဟာ မိတ္ထီလာ ရှမ်းတဲလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “ဘာတိုက်ပွဲမှ မရှိဘူး။ စာသင်ကျောင်းကို ကြဲချသွားတာ။ သေတဲ့ ကျောင်းသူကျောင်းသား များတယ်ဗျ။ အခုလက်ရှိကတော့ ကျောင်းသူ ကျောင်းသား ကလေးငယ်တွေ အပါအဝင် ၁၈ ဦး သေဆုံးပြီး ဆရာမတဦး သေဆုံးတယ်။ ဒဏ်ရာရတာက ၅၀ လောက် ရှိမယ်။ စာသင်ကျောင်းလည်း ပျက်စီးတယ်ဗျ” လို့ ပြောပါတယ်။
အိုးထိမ်းကွင်းရွာ စာသင်ကျောင်းဟာ NUG ပညာရေးဌာနရဲ့ အထက်တန်းစာသင်ကျောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီပဲယင်းနယ် တာဝန်ရှိသူတယောက်က “ကလေးတွေရဲ့ ပညာရေးလိုအပ်ချက်အရ စာသင်ကြားနေတဲ့ စာသင်ကျောင်းပါဗျ။ အခုဟာက စာသင်တဲ့ကျောင်းကိုမှ လေယာဉ်နဲ့ ဗုံးသီး ၂ လုံး ကြဲချသွားတာ။ သေဆုံး အထိအခိုက် အတိအကျတော့ အတည်ပြုလို့ မရသေးဘူးဗျ။ အခုမှ ကူညီကယ်ဆယ်ရေး လုပ်နေဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်တုန်းကလည်း လက်ယက်ကုန်းရွာက စာသင်ကျောင်းကို အခုလို လေယာဉ်နဲ့တိုက်ခိုက်လို့ ကျောင်းသူ ကျောင်းသားတွေ သေဆုံးခဲ့ပါသေးတယ်။