
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာ ဆိုင်ကယ်တွေကို တားဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မေ ၁၀ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ တော်လှန်ရေးတပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုတွေရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
မတရား ဖမ်းဆီးစစ်ဆေးနေပြီး ပြည်သူတွေဆီက ငွေညှစ်နေလို့ Myingyan Black Tiger တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Myingyan Black Tiger တပ်ဖွဲ့ တာဝန်ရှိသူ ဗိုလ်မိုက်ခဲက “ပြည်သူတွေဆီက မတရားငွေညှစ်နေလို့ လုပ်ဆောင်တာ၊ အမှန်တကယ်က သူတို့စစ်ဆေးနေတဲ့ နေရာ ၃ ခုမှာ ပွိုင့် ၃ ပွိုင့်စဥ်ပြီး ဖောက်ခွဲတိုက်ခိုက်ဖို့ စီစဥ်ထားတာ၊ ပြည်သူတွေ အသွားအလာများနေပြီး ပြည်သူအများစု ထိခိုက်နိုင်တာကြောင့် ပြည်သူမထိခိုက်နိုင်တဲ့ ပွိုင့်တနေရာတည်းကိုပဲ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရတာ” လို့ ပြောပါတယ်။
ကားကွင်းမြောက်ဘက်က ဆိုင်ကယ်တွေစစ်ဆေးတဲ့ နေရာကိုပဲ ဖောက်ခွဲပြီး ပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပြီး တယောက်ကတော့ မျက်မြင် ထိခိုက်သွားတာ တွေ့ရပေမဲ့ ထိခိုက်မှုအသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။
မြို့ပြစစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်တဲ့အခါမှာ ပြည်သူတွေ သွားလာမှုတွေ များတာရယ်၊ မစ်ရှင်လုပ်တဲ့နေရာတွေမှာ ပြည်သူအများစု ရှိနေတာကြောင့် မစ်ရှင်တွေ ခဏခဏ ဖျက်ခဲ့ရပြီး ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာတွေကို မသွားကြဖို့နဲ့ မလိုအပ်ဘဲ အပြင်သိပ်ထွက်တာတွေ မလုပ်စေချင်ဘူးလို့လည်း MBT တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။
စစ်ကောင်စီက မေ ၆ ရက်ကလည်း သာယာဝတီခရိုင်အတွင်းရှိတဲ့ မြို့နယ်တွေမှာ ဆိုင်ကယ် ၂ ယောက်ထက် ပိုမစီးဖို့ တားမြစ်ခဲ့ပြီး လမ်းပေါ်သွားလာနေတဲ့ ဆိုင်ကယ်တွေကို စစ်ဆေး ဖမ်းဆီးတာတွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ သာယာဝတီမြို့ခံတွေဆီကနေ သိရပါတယ်။